
ခိုင်ရိုးလ၊ DMG
စက်တင်ဘာလ ၂၀၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် သမားတော်၊ ဆရာဝန်နှင့် သူနာပြုများ လုံလောက်မှုမရှိသောကြောင့် လူနာအသက်များ မဆုံးရှုံးသင့်ဘဲ အသက်များ ဆုံးရှုံးနေရသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက စက်တင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်တွင် ပြောကြားသည်။
လူနာများ အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးမှုမဖြစ်ပေါ်စေရန်အတွက် အတွက် ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ၏ ဝန်ထမ်းဖွဲ့စည်းပုံအရ လိုအပ်လျက် ရှိသော သမားတော်များ၊ဆရာဝန်များ နှင့်သူနာပြုများအား ဖြည့်တင်းခန့်အပ်ပေးရန် လိုအပ်လျက်ရှိသည်ဟု ဦးအေးသိန်းက ဆိုသည်။
“ ကျွန်တော်တို့ စစ်တွေမှာ လူနာတစ်ချို့ဟာ ကုတင် ၅၀၀ ခန့်ဆေးရုံကြီးရှိပါလျှက်နဲ့ ရန်ကုန်သွားတယ်။ အဲဒီကတစ်ဆင့် စင်ကာပူ၊ ဘန်ကောက်ကိုသွားတယ်။ အဲဒါမျိုးတွေက ပိုက်ဆံချမ်းသာတဲ့သူတွေသာ သွားနိုင်ပြီး ဆင်းရဲတဲ့လူတွေက ဒီမှာဘဲ ဆရာဝန်တွေနဲ့ ဖြစ်သလို ဆေးဝါးကုသရင်းနဲ့ သေဆုံးကြရတာတွေရှိတယ် ” ဟု ၎င်းကပြောသည်။
စစ်တွေဆေးရုံကြီးတွင် လစ်လပ်လျက်ရှိသည့် ဆရာဝန်များကို ခန့်ထားနိုင်ရန်အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနသို့ တင်ပြထားသည်ဟု လူမှုရေးဝန်ကြီးဒေါက်တာ ချမ်းသာက ဆိုသည်။
“ဖွဲ့စည်းပုံအသစ်အရ လိုအပ်တဲ့ ဦးနှောက်အာရုံကြော၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကင်ဆာ၊ ဆီးနှင့်ကျောက်ကပ် ဆရာဝန်ကြီးများခန့်ထားပါက အဆင်သင့်ဖြစ်ပါ စက်ပစ္စည်းကိရိယာများ တည်ဆောက်တပ်ဆင်လျက်ရှိပါတယ်။ ”ဟု ၎င်းကပြောသည်။
စစ်တွေမြို့သားဖွားသူနာပြုသင်တန်းကျောင်းမှ သူနာပြုများသည် လာမည့် နိုဝင်ဘာလတွင် ဒီပလိုမာဘွဲ့ ရရှိမည်ဖြစ်ပြီး ၎င်းတို့အား စစ်တွေဆေးရုံကြီးတွင် ခန့်ထားပေးမည်ဟု ဝန်ကြီးက ဆက်လက်ဆိုသည်။
လက်ရှိ စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးတွင် သမားတော်၊ ခွဲစိပ်သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ ဓာတ်မှန်၊ မေ့ဆေး၊ သွားအထူးကုဆရာဝန်များကို ခန့်ထားပေးပြီး သီးခြားအထူးကုဖြစ်သော မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ မှုခင်း၊ ရောဂါဗေဒ၊ အနုဇီဝအထူးကု အထူးကုဆရာဝန်ကြီးများ ခန့်ထားလျက်ရှိသည်။
ကုတင် ၂၀၀ ဆံ့ စစ်တွေဆေးရုံးကြီးကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကုတင် ၅၀၀ ခန့်ဆေးရုံသို့ အဆင့်တိုးမြှင့်လိုက်ခြင်းဖြစ်သည်




