စိမ်းကိုကို၊ DMG

အောက်တိုဘာ ၁၈၊ စစ်တွေ

စစ်တွေပြည့်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသကြသည့် လူနာများထဲမှာ သေဆုံးမှုအများဆုံးမှာ အသဲရောဂါဖြင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အောက်တိုဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက် ခဲ့မှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သေဆုံးမှုအများဆုံးမှာ အသဲရောဂါ၊ အဆုတ်ရောဂါတို့ဖြစ်ပြီး ယခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှု ပိုမို များပြားလာပြီး အသဲရောဂါမှာ အရက်သောက်သုံးမှုကြောင့်ဖြစ်ပွားသော ရောဂါများဖြစ်ကြောင်း ဒေါက်တာ ချမ်းသာကပြောသည်။

“အဓိကတော့ ကျွန်တော်တို့ အသဲခြောက်တဲ့ရောဂါနဲ့သေတာများပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက အရက်သောက်သုံးမှုများပါတယ်။ အရက်ဒဏ်ကြောင့်ဖြစ်တဲ့ရောဂါတွေများပါတယ်။ အဲဒါပြီးလို့ရှိရင် အဆုတ်ရောဂါ၊ နောက် ထိခိုက်ဒဏ်ရာရတာ တတိယအများဆုံး သေဆုံးမှုတွေဖြစ်လာပါတယ်” ဟု ပြောသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကာဆေးဝါးကုသမှုခံယူနေကြသော လူနာများမှာ နေ့စဉ်ဆေးရုံ တက်/ဆင်းလူနာ ၃၀၀ ကျော်ခန့်ရှိသည်။  ပြင်ပလူနာဌာနသို့ နှစ်လျှင် လူနာ ၅၀၀၀၀ ကျော်ပြသနေပြီး၊ အတွင်းလူနာအဖြစ် တစ်နှစ်လျှင် လူနာ ၂၀၀၀၀ ခန့် ကုသမှုခံယူလျှက်ရှိကာ လူနာ ၁၀၀ ဦးလျှင် ၄ ဦးမှာ သေဆုံးနေရကြောင်းလည်း သိရသည်။