(စစ်တွေမြို့တွင် လျှပ်စစ်မီးမရရှိ၍ မြို့သူကြီးရပ်ကွက်မှ နေအိမ်တစ်ခုတွင် ဆီမီးထွန်းထားစဉ်။ ဓါတ်ပုံ - သားသျှေလေး/DMG)

မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။    ။   ရခိုင်ပြည်နယ်တွင်း “မိုရာ” ဆိုင်ကလုံးမုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး မေလ ၃၀ ရက်နေ့မှစကာ စစ်တွေမြို့နယ်မှအပ အခြားမြို့နယ်များ လျှပ်စစ်မီးရရှိပြီးဟု ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက DMG ကိုပြောဆိုထားသော်လည်း လက်ရှိတွင် မြို့နယ်အချို့ လျှပ်စစ်မီးပြတ်တောက် နေသေးကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ ကိုဇော်ဝင်းအား ဆက်သွယ်မေးမြန်းရာမှာ လျှပ်စစ်မီးမရရှိသေးကြောင်း DMG ကိုပြောဆိုသည်။

“လျှပ်စစ်မီးမရရှိသေးဘူး။ မုန်တိုင်းတိုက်တဲ့နေ ညကစပြီးတော့ ပြတ်တောက်တာပါ။ ဒီနေ့ထိမရရှိသေးပါဘူး။ အခက်အခဲကတော့ အများကြီးဖြစ်တာပေါ့” ဟုပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တောမြို့တို့တွင်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း DMG သတင်းထောက် ဝံသ (မောင်တော)က ဆက်သွယ်ပြောဆိုသည်။

“ကျနော်တို့ဆီမှာက မြို့နယ်စီစဉ်တဲ့မီးပါ။ မဟာဓာတ်အားလှိုင်းမရှိဘူး။ ဒါပေမယ့် လျှပ်စစ်မီးမရသေးပါဘူး။ အပျက်အစီးလည်း အတော်ရှိပါတယ်။ ဖုန်းလိုင်းကလည်း ဒီနေ့မှ အဆက်အသွယ်ရတာပါ” ဟု ပြောဆိုသည်။

ကျန်ရှိနေသည့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် နေရာအားလုံး မဟုတ်သော်လည်း နေရာအချို့မီးရရှိပြီးဖြစ်ကြောင်း ဒေသခံများမှ ပြောဆိုကြသည်။

လက်ရှိတွင် မြို့နယ်အားလုံး လျှပ်စစ်မီး အဆင်ပြေစွာပြန်လည် ရရှိဖို့ စီးစဉ်လျှက်ရှိကြောင်းသိရသည်။

 

Author: သားသျှေလေး