
သြဂုတ် ၁၈၊ စိမ်းကိုကို
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ပူးပေါင်းလှည့်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသည့် ကောလဟာသ သတင်းများနှင့် ရရှိထားသည့်သတင်းများအပေါ် မူတည်ပြီး ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပူးပေါင်းကာ ပြည်သူများအထိတ်လန့်မဖြစ်စေရေး ပူးပေါင်းလှည့်ကင်း များဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
“ မောင်တောခရိုင် ရဲတပ်ဖွဲ့အနေနဲ့ကတော့ မောင်တောမြို့လုံးခြုံရေးအတွက်၊ မြို့ပေါ်မှာ အချက်အချာကျတဲ့ နေရာတွေမှာ ပံသေကင်းတွေ၊ ဝပ်ကင်းတွေ၊ချပ်ကင်းတွေချပြီးတော့ ဆောင်ရွက်ပါတယ်။ နေ့ညပူးပေါင်း လှည့်ကင်းတွေ၊ ရပ်ကင်းတွေနဲ့ လုံခြုံရေးကို အလေးထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ ” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲစခန်းမှူး ဦးကျော်မျိုးထက်ကပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ပေါ်တွင်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လှည့်ကင်းများဆောင်ရွက်လျှက်ရှိပြီး ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်သော ကောလဟာလ သတင်းများ ရရှိထားသော သတင်းများအပေါ်တွင် မူတည်ပြီး ပြည်သူများ အထိတ်လန့်မဖြစ်စေရန် လှည့်ကင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။
“ ဒီရက်ပိုင်းတော့ ပိုပြီးတော့ သတိထားရတာပေါ့နော်။ ကောလဟာလသတင်းတွေရှိတယ်။ ရတဲ့သတင်းတွေရှိတယ်။ အဲဒီသတင်းတွေအပေါ်မှာ မူတည်ပြီးတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပြည်သူတွေ စိတ်အနှောင့်အရှက်မဖြစ်အောင်၊ စိုးရိမ်ထိတ်လန့်မှုမဖြစ်အောင် ကျွန်တော်တို့က လှုပ်ရှားသွားလာပြီးတော့ စောင့်ရှောက်နေတာ။ ” ဟု ပြောသည်။
သြဂုတ်လ ၂၅ ရက်နေ့သည့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အကြမ်းဖက်သမားများ အကြမ်းဖက်မှုဖြစ်စဉ် တစ်နှစ်ပြည့်တော့မည်ဖြစ်သည့်အတွက် တစ်ကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ ရှိလာမည်ဟု ထွက်ပေါ်နေသည့် ကောလဟာလသတင်းများ ထွက်ပေါ်နေသည့်အတွက် ပြည်သူများမှာ စိုးရိမ်နေ ကြခြင်းဖြစ်ကြောင်း သိရသည်။




