ဖဒူ ထွန်းအောင် / DMG

စက်တင်ဘာလ ၁၇၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြတည်းခိုးရိပ်သာရှေ့တွင် ရှိသော ကလေးအထူးကုဆရာဝန်ကြီး ဆေးခန်းအတွင်း လူတစ်ဦး ဓာတ်ပုံရိုက်သည့် ကိစ္စဖြင့် ယနေ့ဆေးခန်းကို ပိတ်လိုက်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

အဆိုပါ ဆေးခန်းမှာ ယနေ့ နေ့လည် ၁ နာရီအချိန်မှ စတင်ပြီး ကလေးလူနာစာရင်းအား လက်ခံရန် ဆေးခန်းကို ဖွင့်လှစ်သည်။ လူနာမှတ်တမ်းစာအုပ်များအား ဆေးခန်းတာဝန်ရှိသူက မှတ်တမ်းတင်နေစဉ် လူတစ်ဦးက  ဆေးခန်းအတွင်းသို့ ဝင်ရောက်ကာ ဓာတ်ပုံရိုက်သည်။ ယင်းရိုက်ကူးထားသော ဓာတ်ပုံများကို ဖျက်ပေးရန် ပြောဆိုသော်လည်း မရဘဲ ဓာတ်ပုံရိုက်ကူးသူမှာ အပြင်သို့ထွက်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ၁၂ နာရီကျော်လောက်ကနေ ဆေးခန်းရှေ့ကိုရောက်နေကြတာ၊ ဆေးခန်းက ၁ နာရီမှစတင်ပြီး  လူနာစာရင်း လက်ခံမယ်ဆိုလို့ စောင့်နေကြတာ။ စာရင်းပေးဖို့ တံခါးဖွင့်လိုက်တော့ မှတ်တမ်းစာအုပ်တွေ တင်ကြတယ်။ အဲဒီမှာ လူတစ်ယောက်ဝင်ပြီးတော့ ဓာတ်ပုံရိုက်တာနဲ့ပတ်သက်ပြီး ဆေးခန်းက တာဝန်ရှိသူတွေ နဲ့ စကားများကြလို့ ဆေးခန်းပိတ်လိုက်ပြီလို့ပြောတယ်” ဟု မျက်မြင်ကြုံတွေ့ခဲ့သော ဆေးခန်းလာရောက် ပြသမည့် ကလေးဖခင်တစ်ဦးက ပြောသည်။

ကလေးလူနာစာရင်းပေးသွင်းရန် စောင့်ဆိုင်းနေခဲ့သူ ၇၀ နီးပါးခန့်ရှိပြီး ယနေ့ ဆေးခန်းပိတ်လိုက်သည့်အတွက် အများစုမှာပြန်သွားခဲ့ကြသည်။ မည်သည့်နေ့ ဆေးခန်းဖွင့်မည်ကိုလည်း အတိကျ မသိရသေးသည့်အတွက် မိဘများ အနေဖြင့် စိုးရိမ်မှုများလည်း ရှိသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သားသမီးတွေအတွက် မကောင်းဘူးပေါ့။ အဲဒီလူတစ်ယောက်ကြောင့် ပိတ်လိုက်တော့ ကလေးတွေရဲ့ကျန်းမာရေးအတွက် နစ်နာတာပေါ့။ နောက် နယ်ကလာတဲ့ ကလေးတွေနဲ့လူတွေ ပိုဆိုးတာပေါ့” ဟု ကလေး ဖခင်တစ်ဦးက ပြောသည်။

အဆိုပါ ကလေးအထူကု ဆေးခန်းနှင့်ပတ်သက်ပြီး  မကြာသေးမီအချိန်ကလည်း Facebook ပေါ်တွင် ဓာတ်ပုံများ တင်ခဲ့ကြသည့်အတွက်လည်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများရှိခဲ့သည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်