ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ကွင်းဆင်းစစ်တမ်းကောက်ယူမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - REC

ဝင်းညွန့် | DMG

ဇူလိုင် ၃၁၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း လက်နက်ပဋိပက္ခဖြစ်ပွားမှုကြောင့် ဒုက္ခရောက်နေသည့် စစ်ဘေးဒုက္ခသည်စာရင်း ကောက်ယူရာတွင် အခက်အခဲများရှိကြောင်း စစ်တမ်းကောက်ခံနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှသိရသည်။

မိုးရွာသွန်းခြင်း၊ ကားလမ်းများပိတ်ထားခြင်း၊ စစ်ကြောင်းများရှိသဖြင့် လုံခြုံရေးစိုးရိမ်ရခြင်းတို့ကြောင့် စစ်တမ်းကောက်ခံရာတွင် အခက်ခဲများစွာတွေကြုံနေရသည်ဟု ရခိုင်တိုင်ရင်သားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇ်ာထွန်းကပြောသည်။

“တိုက်ပွဲတွေက ပိုပြီး ကျယ်ပြန့်လာတယ်၊ တိုက်ခိုက်မူတွေရှိလာတယ်။  မြေပုံဘက်က ဖြစ်တဲ့ကိစ္စတွေ၊ မိုင်းပေါက်ကွဲမူကြောင့် ကားလမ်းတွေလည်း ပိတ်သွားတယ်။ အခုဆိုရင်  ဒေသန္တရသော်လည်ကောင်း၊ စစ်ကြောင်းရှင်းလင်းမှုတွေ ပိုပြီးများလာတဲ့အတွက်ကြောင့် သံသယနဲ့ အင်အားသုံးဖြေရှင်းတာတွေက ပိုပြီးများလာတော့ နယ်မြေကိုဆင်းလုပ်ကြတဲ့ ဝန်ထမ်းတွေမှာလည်း စိုးရိမ်စိတ်တွေပိုပြီးများလာပါတယ်” ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်(AA)တို့တိုက်ပွဲဖြစ်ပွားနေသော မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် အစိုးရက ဇွန်လ ၂၁ ရက်နေ့ကစပြီး အင်တာနက်လိုင်းဖြတ်တောက်ထားသည်။

အင်တာနက်လိုင်းဖြတ်တောက်ထားမှုသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အများကြီး ရိုက်ခတ်မှုရှိနေသည်သာမက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသော စစ်ဘေးရှောင်များ၊ အလှူရှင်များရရှိအောင် ၄င်းတို့၏စာရင်းများကို စစ်တမ်းကောက်ယူနေသူများကိုပါ ရိုက်ခတ်လာနေသည်။

 “အရင်ဆိုရင် အချက်အလက်တွေကို စာနဲ့ရေး၊ ဓာတ်ပုံရိုက်ပြီးတော့  messenger ထဲက ပို့လိုက်ရင်ပြီးပြီလေ။ အခုဆိုရင် အင်တာနက် မရတဲ့အတွက် အဲဒီလို ပို့လိုမရဘူး။ ဖုန်းနဲ့ပဲ အချိန်အကြာကြီး လှမ်းပြောနေရတယ်။ ဖုန်းလိုင်းတွေလဲ တစ်ခါတစ်လေ မကောင်းဘူး။ အချက်အလက်တွေကို ကောက်ယူရတဲ့အခါ အဲဒီလို အခက်ခဲတွေရှိပါတယ်” ဟု REC အတွင်းရေးမှူး ကိုဇော်ဇ်ာထွန်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစပြီး တပ်မတ်ာနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်း (၁၀၀) ကျော်၊ စစ်ဘေးရှောင် ခြောက်သောင်းနီးပါးအထိရှိလာနေပြီး တချို့စခန်းများတွင် စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

Author: Admin