ခင်သရဖီဦး/DMG

ဧပြီလ ၆၊စစ်တွေ

စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့များကို ဟန့်တားမှုများပြုလုပ်နေခြင်းမှာ စစ်ဘေးရှောင်များအတွက် အကျပ်အတည်းဖြစ်စေသည်ဟု ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့် မြတန်ဆောင်းဆရာတော်က ပြောသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့က စစ်တွေမြို့တွင် ပရဟိတအဖွဲ့တစ်ခုက စစ်ဘေးရှောင်များအတွက် အလှူခံ ရာတွင် ခွင့်ပြုချက်မရှိဟုဆိုကာ ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ၎င်းတို့ကို ပြန်လှည့်ခိုင်းလိုက်သည်။

“ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေကို တင်းကျပ်မှုပြုလုပ်တယ်ဆိုတာက ဘက်စုံ ဖိနှိပ်နေတယ်လို့မြင်တယ်။  စစ်ဘေးရှောင်တွေကို ကူညီလို့မရအောင် ပုံစံအမျိုးမျိုးနဲ့ တားဆီးတယ်။ သူတို့ကိုယ်တိုင်ကလည်း စစ်ရှောင်တွေကို ဓာတ်ပုံရိုက်ဖို့ကလွဲပြီး ကျန်တာမကူညီဘူး ”ဟု မြတန်းဆောင်းဆရာတော်က ဝေဖန်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင် သုံးသောင်းနီးပါးခန့် ရှိလာပြီဖြစ်ကာ ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် စသည့် ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ် လိုအပ်နေသည်။ ထို့ကြောင့် လူမှုအဖွဲ့အစည်း များနှင့် စေတနာရှင်များက ကူညီထောက်ပံ့မှုများပြုလုပ်နေကြသည်။

စစ်ဘေးရှောင်များအတွက် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဌာနများတွင် ငွေကောက်ခံပြီး မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ရန်လည်း ပြည်နယ်အစိုးရက ညွှန်ကြားထား သည်။

 “ အစိုးရထုတ်ပြန်ချက်ကတော့ သူတို့က ဌာနတွေကို ကန့်သတ်တာပေါ့။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို လှူဖို့အတွက်ကျတော့ အစိုးရတစ်ရပ်အနေနဲ့ အဲဒီလို ကန့်သတ်တာက မဖြစ်သင့်ဘူးပေါ့ ” ဟု ဝံလက် ဖောင်းဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံကပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့ကို လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်လည်း ဇန်နဝါရီလအစောပိုင်းက ပြည်နယ်အစိုးရက ကန့်သတ်လိုက်သည်။

ထိုကန့်သတ်မှုကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်စေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြကြသကဲ့သို့ အကူအညီပေးရေးအတွက် ခွင့်ပြုပေးသင့်ကြောင်းလည်း ပြည်နယ်အခြေစိုက် ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ထောက်ပြကြသည်။

Author: ခင်သရဖီဦး