ခိုင်မင်းညို | DMG
ဇူလိုင် ၂၉ ၊ ရန်ကုန်
ရခိုင်ပြည်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲတို့ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော စစ်ဘေးရှောင်စခန်းများတွင် လူကုန်ကူးမူတားဆီးနိုင်ရန်အတွက် အသိပညာပေးလုင်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC မှ သိရသည်။
လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးဒုက္ခသည်များ တစ်နေ့တနေ့တိုးလာသောကြောင့် IDP နှင့် Refugee ကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲတခုကို AASYC က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်နေ့တွင် ထိုင်း - မြန်မာနယ်၌ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ပြုလုပ်ရာတွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြံရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ခွင့်ရရှိရေး၊ အရေးပေါ်ကူညီကယ်ဆယ်ရေး၊ တိုက်ပွဲနေရာမှကယ်ထုတ်ရေး၊ ရိက္ခာထောက်ပံ့ရေး၊ ဆေးဝါးနှင့်ကျန်းမာရေးကူညီထောက်ပံ့ရေး၊ ၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ နိုင်ငံတကာအထောက်အပံ့ရရှိရေး စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မည့် ကဏ္ဍတို့ကို ချက်မှတ်ခဲ့ကြသည်။
"စစ်ဘေးရှောင်တွေက အလုပ်မရှိ၊ နေရတာမဆင်မပြေ၊ စာမသင်ရ၊ အဲဒီလိုဖြစ်နေတော့ ပွဲစားတွေဆီမှာ သားကောင်ဖြစ်လာမယ်။ ရှိတောင်ရှိနေကြပြီလား မသိဘူးလို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြသေးတယ်။ ဘာလို့ဆို ဒါတွေက အချက်အလက်နဲ့ မထွက်လာ။ ဒါတွေက ဖြစ်နိုင်ခြေများတယ် ။ အခြားဒေသတွေမှာလည်း ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိတယ်" ဟု AASYC မှ အထွေထွေအတွင်းရေးမှူး ဦးတိန်ဦး က ရှင်းပြသည်။
AASYC အနေဖြင့် လွန်ခဲ့သောလများက နိုင်ငံတကာ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်ခဲ့သော်လည်း ပဋိပက္ခဧရိယာအတွင်းသို့ အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများကို သွားလာခွင့်မပြု၍ မအောင်မြင်ခဲ့ပေ။
ထို့အပြင် လက်ရှိ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်နေကြသည့် လူမူရေးအဖွဲ့အစည်းကိုလည်း တစ်သီးတစ်ခြားစီမဟုတ်ဘဲ စုပေါင်းကော်မတီ တစ်ရပ်အဖြစ်ဖွဲ့စည်းပြီး ကူညီဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရန်ရှိကြောင်း AASYC မှ သိရသည်။
" လက်တွေ့မှာ ဖွဲ့စည်းနိုင်ဖို့အတွက် ခက်တယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒါကို လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းတွေကို တွန်းအားပေးဆောင်ရွက်ရမယ်။ အဲဒီလို ဖွဲ့နိုင်မှလည်း နိုင်ငံတကာနဲ့ အစိုးရကို ပြောရတာတွေ ဖိအားပေးတာတွေ အဆင်ပြေမယ်လို့မြင်တယ်" ဟု ကိုတိန်ဦး က ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် လက်ရှိအချိန်၌ စစ်ဘေးဒုက္ခသည် (၆) သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပါက စစ်ဘေးဒုက္ခသည်ဦးရေ ထပ်မံတိုးလာမည်ဖြစ်သောကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရသာ ဖြေရှင်းစေလိုကြောင်း AASYC က တိုက်တွန်းပြောဆိုထားသည်။




