(လက်နက်ကြီးပစ်ခတ်သံများကြောင့် စစ်ဘေးရှောင်လာကြသည့် စည်တောင်ကျေးရွာမှ မိသားစုတစ်စု / ဓာတ်ပုံ - သျှင်မီးအိမ်)

ဧပြီလ ၅ ရက်၊ DMG ၊ စစ်တွေ ။     ။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဌာနတွင်း ငွေကောက်ခံပြီး မိမိတို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်မှုမပြုကြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။

စစ်ဘေးရှောင်များကို အစိုးရက အချိန်နှင့်တပြေးညီ ထောက်ပံ့ကူညီပေးလျက်ရှိသည့်အပြင် UN,INGO များနှင့် လူမှုရေးအသင်းအဖွဲ့များကိုလည်း ထောက်ပံ့ပေးနိုင်ရေး စိစစ်ခွင့်ပြုပေးထားပြီး စစ်ဘေးရှောင်များကို ထောက်ပံ့ဆောင်ရွက်ရာတွင် မသမာသူများ၏ လက်ဝယ်သို့ မရောက်ရှိစေရန် ပြည်နယ်အစိုးရက ညွှန်ကြားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကြောင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံများအနေဖြင့် အခြေခံပညာကျောင်းအဆင့်အထိ အသိပေးသွားရန်နှင့် ညွှန်ကြားချက်အတိုင်း အလေးထားလိုက်နာဆောင်ရွက်ကြရန် ပြည်နယ်ပညာရေးမှူးရုံးက အကြောင်းကြားလိုက်သည်။

“အဲဒါက (စစ်ဘေးရှောင်)စခန်းအတိုင်း လိုအပ်တာတွေကို ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့တွေက စီစဉ်ထားတယ်။ နောက်ပြီး မြို့နယ်အလိုက်လည်း အဖွဲ့တွေရှိတယ်လေ။ ဘယ်စခန်းမှာ ဘာတွေ ဘာတွေ လိုတယ်ဆိုတာကို သိတယ်။ မလိုအပ်ဘဲနဲ့ ပိုသွားတာမျိုးတွေ မဖြစ်စေချင်တဲ့အတွက် သူတို့ကို အသိပေးပြီးမှ လိုအပ်တာတွေပေးဖို့အတွက် ပြည်နယ်အစိုးရက ညွှန်စာကို ချက်ချင်းထုတ်ပေးတာပါ” ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောသည်။

ယခုကဲ့သို့ အစိုးရထံ ခွင့်ပြုချက် တောင်းနေလျှင် အလုပ်အဆင်မပြေဘဲ ကြန့်ကြာမှုများ ရှိနိုင်ကြောင်း မြေပုံမြို့နယ်က အလယ်တန်းပြဆရာတစ်ဦးက ထောက်ပြသည်။

“တကယ်လို့ ကယ်ဆယ်ရေးပေးမယ်ဆိုရင် (အစိုးရ)သက်ဆိုင်ရာမဟုတ်ဘဲ မြို့နယ်ပညာရေးရုံးအဆင့်လောက်ကို အသိပေးလိုက်ရင် ရတဲ့ဟာကို။ အခုက ထွေအုပ်ရုံးအထိသွားပြီးတော့ အသိပေးရမယ်ဆိုရင် အချိန်ကြန့်ကြာမှုတွေ ရှိနိုင်တယ်။ ကိုယ်ကိုယ်တိုင်လွတ်လပ်စွာ ပညာရေးဌာနကပဲ သွားပေးချင်တယ်” ဟု ၎င်းက ပြောသည်။

အလားတူ လုံခြုံရေးကို အကြောင်းပြပြီး ICRC နှင့် WFP အဖွဲ့များက လွဲပြီး တခြားနိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မြို့နယ်ငါးခုမှာ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ခရီးသွားလာခွင့်တို့ မပြုဟုလည်း အစိုးရက ပြောကြားထားသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင် ၃ သောင်းနီးပါးခန့် ရှိလာပြီဖြစ်ကာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည်။

 

Author: ခိုင်ရိုးလ