ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG

ကျောက်တော်မြို့နယ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်ပြီး အိမ်ထောင်စု ၃၁၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ငါးသောင်းစီ ပထမဆုံးအကြိမ် သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တောမြို့နယ်၊ ကံစောက်ကျေးရွာနှင့် တောင်မင်းကုလားကျေးရွာသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ငါးသောင်းစီ ရခိုင်ပြည်နယ်အစိုးရက ယမန်နေ့(ဒီဇင်ဘာလ ၂၆ ရက်)က ထောက်ပံ့ခဲ့သည်။

ကံစောက်ကျေးရွာသို့ ကျွန်းသာယာ၊ သလူချောင်းစသည့် ကျေးရွာများက ရောက်ရှိလာကြသည့် အိမ်ထောင်စု ၁၄၄ စုနှင့် တောင်မင်းကုလားကျေးရွာသို့ ပညာဝ၊ ငစွယ်၊ လမုကိုင်းနှင် ပါချေကျေးရွာများက ရောက်ရှိလာကြသည့် အိမ်ထောင်စု ၁၆၈ စုအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သော အစိုးရအဖွဲ့က သွားရောက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

“(ဒုက္ခသည်တွေဆီကို သွားတာက) ဒါကတော့ ပထမဦးဆုံးလို့ ပြောရမှာပေါ့။ စစ် တွေဖြစ်ပွားနေတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်တွေဟာ စစ်နဲ့ လွတ်ကင်းရာသို့ ရှောင်တိမ်းပြီးနေရတယ်။ ဒုက္ခသည်တွေဆီကို လတ်တလော မရောက်နိုင်တာကတော့ အစိုးရအဖွဲ့ မှာလည်း အလုပ်တွေ များနေတာကြောင့် မရောက်နိုင်တာ။ ဒါက ပထမဦးဆုံးအကြိမ်ပါ။ ဒါပေမယ့် ဒုက္ခသည်တွေဆီကို နောက်လည်း အကူအညီပေးနိုင်ဖို့ လမ်းညွှန်မှာကြားခဲ့တယ်” ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

နယ်မြေလုံခြုံရေး အခြေအနေကြောင့် မိမိတို့ ရပ်ရွာ၊ အိုးအိမ်၊ အလုပ်အကိုင်ကို စွန့်ခွာပြီး ယခုကဲ့သို့ ဆင်းရဲဒုက္ခခံကာ လာရောက်နေထိုင်ကြရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နောင်တွင် ယခုကဲ့သို့သော ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားအောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့်  မိမိတို့ရပ်ရွာများတွင် တည်ငြိမ်အေးချမ်းစွာ နေထိုင်စားသောက် လုပ်ကိုင်နိုင်စေရန်အတွက် တည်ငြိမ်းအေးချမ်းမှု အမြန်ဆုံးရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြား ခဲ့သည်။

ယင်းအပြင် ယခုကဲ့သို့ ဆင်းရဲဒုက္ခခံပြီး လာရောက်နေထိုင်ကြချိန်တွင် မိမိတို့အစိုးရအဖွဲ့နေဖြင့် စားသောက်နေထိုင်ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်ပါကလည်း ထပ်မံကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဦးညီပုက ဆက်လက် ပြောကြားခဲ့သည်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း လိုအပ်သည့် ဆရာဝန်၊ ဆရာမများနှင့် ဆေးဝါးပစ္စည်းများကို အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟုလည်း ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။

စစ်ဘေးရှောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် အဝတ်အထည် စသည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းအပြင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း အဝတ်အထည်များ၊ မိုးကာစ၊ စောင်၊ ဆေးစိမ်ခြင်ထောင် စသည့် ပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် တောင်မင်းကုလားကျေးရွာတွင် စစ်ဘေးရှောင် လူဦးရေ စုစုပေါင်း ၆၉၃ ဦးနှင့် ကံစောက်ကျေးရွာတွင် စစ်ဘေး ရှောင် လူဦးရေစုစုပေါင်း ၄၃၀ ဦးရှိသည်။ ယင်းအပြင် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်တို့တွင်လည်း စစ်ဘေးရှောင်များရှိနေပြီး စုစုပေါင်း ၂၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂအေဂျင်စီမှ သတင်းထုတ်ပြန်ထားသည်။