
ချလူးအောင် / DMG
ဇန်နဝါရီလ ၄ ရက်၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရသည့် ခမီတိုင်းရင်းသားများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ခမီတိုင်းရင်းသားများ၏ တောင်ယာခုတ်သရုပ်ပြပွဲကို ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
ခမီတိုင်းရင်းသားများသည် ရိုးရာဓလေ့အရ တောင်ယာလုပ်ငန်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်းများကို လုပ်ကိုင်ကြပြီး အေးချမ်းစွာနေထိုင်ခဲ့ရာ ယခုအချိန်ကာလသည် ခမီတိုင်းရင်းသားများ တောင်ယာလုပ်ငန်းခွင့် ဝင်ချိန်ဖြစ်၍ စစ်ပွဲများမရှိခဲ့လျှင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ဂန္ဓာရီပရဟိတကျောင်း ဆရာတော် အရှင်အာဒိစ္စက မိန့်သည်။
“အခုအချိန်ကျတော့မှ စစ်ပွဲတွေကြောင့် ခမီလူမျိုးတွေရဲ့ လူနေမှုဘဝတွေက နှစ်ဖက်ကြားမှာ မြေဇာပင် ဖြစ်နေကြရတယ်” ဟု ဆရာတော်က မိန့်သည်။
ယခုကဲ့သို့ ဝမ်းနည်းကြောင်းအထိမ်းအမှတ် လုပ်ဆောင်ခြင်းမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှ လူကြီးများသိစေရန် ရည်ရွယ်ချက်ကြောင်းဟုလည်း ဆရာတော်ကမိန့်သည်။
စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရသည့် ခမီတိုင်းရင်းသားများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ပွဲကို “စိုင်းတင်တောင်တန်းသက်သေတည်၍” ခေါင်းစဉ်ဖြင့် ဂန္ဓာရီပရဟိတကျောင်းမှ ကျောင်းသားများက ခမီရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ ရိုးရာဓလေ့လုပ်ငန်းခွင့် ဝင်ရောက်သည့်ပုံစံ သရုပ်ဖော်ခဲ့ကြသည်။
ခမီတိုင်းရင်းသားများသည် စိုင်းတင်တောင်တန်းဒေသ အပါအဝင် ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် နေထိုင်ကြပြီး လူဦးရေ ၈ သောင်းကျော်ရှိကြောင်း သိရသည်။




