
ခင်သရဖီဦး / DMG
ဖေဖော်ဝါရီ၁၅ ၊ စစ်တွေ
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လူဦးရေ ၃၅၀ ကျော်သည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင် နေခဲ့ကြသည်။
အဆိုပါတိုက်ပွဲကြောင့် ချောင်းတူကျေးရွာမှ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ/သား ၂၅ ဦးမှာ နောက်ဆုံး ဖြေဆိုရမည့် သိပ္ပံဘာသာရပ်အား ပျက်ကွက်မှုရှိခဲ့ကြောင်း သိရသည်။
၎င်းစာမေးပွဲမှာ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်းတို့အား ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၁ ရက်နေ့ အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“သူတို့က စစ်ပွဲဖြစ်တဲ့အခါ အလွန်းဝေးတဲ့နေရာတွေကို ရောက်သွားကြတယ်။ ကွမ်းတောင်၊ ကျောက်တော် တို့ကိုရောက်သွားတယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ သုံးဘီးတွေနဲ့ လာဖြေကြတယ် ” ဟု ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်အောင်ခင်က ပြောသည်။
ချောင်းတူကျေးရွာတွင် ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်း ကျောင်းသား/သူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား ၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။
၎င်းကျောင်းသား/သူ ၂၅ ဦးမှ ဖြေဆိုရန်ပျက်ကွက်ခဲ့သည့် ဘာသာရပ်အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ဆေးမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစားပေးပွဲအတွင်း ပူးတွဲစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ချောင်းတူကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်အောင်ခင်က ပြောသည်။
အဆိုပါ ကျောင်းသား/သူ ၂၅ ဦးအတွက် ချောင်းတူကျောင်းအုပ်ဆရာကြီးမှ ကျောက်တော်မြို့နယ် ပညာရေးမှူးအားတင်ပြထားပြီး မြို့နယ်အစီစဉ်အတိုင်း စာမေးပွဲအား ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။




