
(ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန)
နေရောင်မင်း(စစ်တွေ) / DMG
ဒီဇင်ဘာလ ၂၁ ၊ စစ်တွေ
ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြားတွင် ယနေ့တိုင် တိုက်ပွဲများဖြစ်ပွားနေသည်။
ယနေ့ ဖြစ်ပွားခဲ့သည့်နေရာသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က တပ်မတော်ဘက်က ရဟတ်ယာဉ် (၂) စီးဖြင့် တိုက်ခိုက်ခဲ့သော တောဖျားချောင်းနှင့် ယိုးချောင်းအကြားတွင် ဖြစ်ပွားခဲ့ခြင်းဟု ရက္ခိုင့်တပ်မတော် (AA) က ဆိုသည်။
ယင်းအပြင် ပညာဝရွာနှင့် မောင်နှမရွာအကြားတွင် ယနေ့ နံနက်(၉) နာရီမှ စတင်ပြီး နေရာ (၅) ခုကို လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ်ခဲ့ပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပကာဝရွာအနီးနှင့် ကလပ်ချောင်းအနီး၊ ကလပ်ချောင်း ဆတ်ချိုင်ရွာအနီး၊ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး “ အဲဒါကတော့ စစ်ပွဲတို့ရဲ့ သဘောသဘာဝအရ ဒီနေ့ ထုတ်ပြန် (တပ်မတော်က စစ်ရေးလှုပ်ရှားမှု ယနေ့မှ စပြီး ဧပြီလ ၃၀ ရက်နေ့အထိစစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းမည်)လိုက်လို့ ဒီနေ့ငြိမ်းရမယ်လို့ ဆိုတာမျိုးတော့ …. အောက်ခြေကို မညွှန်ကြားသေးတဲ့ ကာလမှာ ဖြစ်တာလားလို့ ကျွန်မတို့က အချိန်အနည်းငယ်တော့ စောင့်ကြည့်ဖို့ လိုပါသေးတယ် ” ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ပြောသည်။
အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား ထိတွေ့တိုက်ခိုက်မှုများ ရှိခဲ့ပြီး နောက်ထက်လည်း တိုက်ပွဲများ ထပ်မံဖြစ်လာနိုင်ခြေရှိသည်ဟု ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဒီဇင်ဘာလ ၁၂ ရက်တွင် MNTJP ၊ PSLF ၊ ULA တို့က စစ်ဆေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကလည်း ဒီဇင်ဘာလ ၁၂ ရက်တွင် ယင်းထုတ်ပြန်ချက်ကို ကြိုဆိုထောက်ခံကြောင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိရေးကိစ္စ နှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆကြောင်း ထုတ်ပြန်သည်။




