မင်းထွန်း / DMG
ဧပြီ ၇ ရက်၊ စစ်တွေ

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှ ကျေးရွာသားများမှာ ကျေးရွာတွင်း ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရာမှ မိမိတို့ဆန္ဒအလျှောက် ပြန်လည်နေထိုင်နိုင်ရန် ဧပြီလ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာဖြင့်တင်ပြခဲ့ကြသည်။

စည်တောင်ကျေးရွာသားများမှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ကျေးရွာအတွင်းပစ်ခတ်မှုများကြောင့် စည်တောင်နှင့် ကံပြင်ကျေးရွာများမှာ လူဦးရေ ၂၀၀၀ ကျော်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ယင်းသို့ တိမ်းရှောင်နေထိုင်ကြရာတွင် နေရာထိုင်းခင်း၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေအပါအဝင် ပညာရေး၊ ကျန်းမာရေးများပါ မလုံလောက်ခြင်း၊ လုံခြုံမှုမရှိခြင်းတို့ကြောင့် မိမိတို့ကျေးရွာ၌ ပြန်လည်နေထိုင်ရန် စာဖြင့်တင်ပြခြင်းဖြစ်ကြောင်း စည်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာမှာ ပစ်ခတ်မှုဖြစ်တယ်။ လူငါးယောက်သေတယ်။ ထိခိုက်ဒဏ်ရာရကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရွာကလူအားလုံး ထွက်ပြေးသွားကြရတယ်။ အဲဒီလိုဆိုတော့ ရွာမှာ ပြန်လည်နေထိုင်နိုင်ဖို့ အစည်းအဝေးချခြင်းဖြစ်တယ်။ အခုရွာမှာတော့ လူတစ်ရာလောက်ရောက်နေပါပြီ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေတာကတော့ အကောင်းဆုံးပေါ့” ဟု ၄င်းကပြောသည်။

ကျေးရွာသားများမှာ သင်္ကြန်ရက် နီးလာသဖြင့် ဥပုသ်သီလဆောက်တည်ရန် မိမိတို့ကျေးရွာ၌ ပြန်ချင်ကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းထံသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်းလည်း ပြောသည်။

“လောလောဆယ်တော့ အဲဒီစာမရောက်သေးဘူး။ တင်တာတော့ ဟုတ်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ယခုက တိုက်ပွဲတွေလည်း မရှိတော့တာဖြစ်တဲ့အတွက် သင်္ကြန်ရက်ကလည်း နီးလာတဲ့အခါ ဥပုသ်သီလ ဆောက်တည်ဖို့အတွက် ကျေးရွာမှာရှိတဲ့ ကျေးရွာသူ ကျေးရွာသားများက ပြန်ချင်တယ်။ တချို့တွေက ပြန်နေကြပြီ။ အဲဒီအတွက်နဲ့ သူတို့ဟာ သူတို့ပြန်တာကို သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားမယ်ဆိုပြီးတော့ ဖုန်းနဲ့ အကြောင်းကြားတာတော့ရှိတယ် ” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

မတ်လ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ် စေတောင်ကျေးရွာ၌ ပစ်ခတ်မှုများကြောင့် ရွာသား ၅ ဦး သေဆုံးခဲ့ရပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။