စည်းကမ်းများကို မလိုက်နာသောကြောင့် စစ်တွေမြို့သန့်ရှင်းမှုမရှိဟု စည်ပင်ပြောဆို

" ကျွန်တော်တို့ ချမှတ်ထားတဲ့ သန့်ရှင်းရေးနဲ့ ပတ်သတ်တဲ့ စည်းကမ်းတွေကို ပြည်သူတွေ စီပွားရေးလုပ်ငန်းရှင် တစ်ယောက်မှ မလိုက်နာတာကိုတွေ့ရတယ်။ နောက်မှာတော့ မလိုက်နာတဲ့သူတွေကိုကို အရေးယူမယ် အပြစ်ပေးမယ် စစ်ဆေးမှူတွေ လုပ်သွားဖို့ရှိတယ် "

By သက်နိုင် (ကျောက်ဖြူ) 11 Sep 2018

အမှိုက်စွန့်ပစ်ရမည့်အချိန်ကို ညနေ (၄) နာရီမှ နောက်တနေ့နံနက် (၆) နာရီအတွင်းသာ စွန့်ပစ်ရသည်။

 

သက်နိုင်(ကျောက်ဖြူ)၊ DMG

စက်တင်ဘာ ၁၁၊ စစ်တွေ

 

ရခိုင်ပြည်နယ် စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရန် စည်းကမ်းများ ချမှတ်ထားသော်လည်း ပြည်သူလုထုအနေဖြင့် လိုက်နာမှုမရှိသောကြောင့် သန့်ရှင်းမှုးမရှိခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မိုး ကပြောသည်။

 

စီးပွားရေးလုပ်ငန်းများမှ ထွက်ရှိသည့် အမှိုက်များကို ကိုယ့်အစီစဉ်ဖြင့် မစွန့်ပစ်ဘဲ အမှိုက်ကန်၊ အမှိုက်ပုံးများထဲသို့ စွန့်ပစ်ခြင်း၊ သတ်မှတ်မထားသည့် နေရာများတွင် စွန်ပစ်ခြင်းတို့ကြောင့် သန့်ရှင်းမှု မရှိဖြစ်နေခြင်း ဦးကျော်မိုးက ဆိုသည်။

 

" ကျွန်တော်တို့ ချမှတ်ထားတဲ့ သန့်ရှင်းရေးနဲ့ ပတ်သတ်တဲ့ စည်းကမ်းတွေကို ပြည်သူတွေ စီပွားရေးလုပ်ငန်းရှင် တစ်ယောက်မှ မလိုက်နာတာကိုတွေ့ရတယ်။ နောက်မှာတော့ မလိုက်နာတဲ့သူတွေကိုကို အရေးယူမယ် အပြစ်ပေးမယ် စစ်ဆေးမှူတွေ လုပ်သွားဖို့ရှိတယ် "ဟု ၎င်းက ပြောသည်။

 

သန့်ရှင်းရေး လုပ်ရာတွင် စည်ပင်အနေဖြင့် အားနည်းချက်များသည်ရှိသည်ဟု စစ်တွေဒေသခံများက ဝေဖန်ကြသည်။

 

“စစ်တွေမြို့မှာ တစ်ချို့သူတွေ စည်းကမ်းလိုက်မနာဘူးဆိုတာကို လက်ခံတယ်။ ဒါပေမယ့် စစ်တွေမြို့ သန့်ရှင်းရေးပိုင်းမှာတော့ မြို့သူ၊မြို့သားတွေ စည်းကမ်းလိုက်မနာတာ မဟုတ်ပါဘူး။ စည်ပင်လုပ်ဆောင်မှုပိုင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်”ဟု စစ်တွေဒေသခံ ဦးသန်းထွန်းက ပြောသည်။

 

 စည်ပင်အနေဖြင့် သန့်ရှင်းရေးုလုပ်ငန်း များဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ရပ်ကွက်အားလုံးကို နှံ့စပ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အတွက်ကြောင့် ပြည်သူလုထုအနေဖြင့် ပူပေါင်းပါဝင်ရန် စည်ပင်က တိုက်တွန်းသည်။

 

စစ်တွေမြို့တွင် လူဦးရေ ၁၃၂၂၂၈ ဦးရှိပြီး ရပ်ကွက်ပေါင်း ၃၂ခုရှိသည်။ သန့်ရှင်းလုပ်သား ၅၈ ဦးခန့်သာ ရှိသည်။ လူ ၂၂၈၀ ယောက်အတွက် သန့်ရှင်းရေးလုပ်သား တစ်ဦးကျဖြင့် လုပ်ကိုင်နေရသည်ဟုဆိုသည်။

 

ထို့အပြင် ရပ်ကွက ်၃၂ ခုအတွက် သန့်ရှင်းရေး ယာဉ် ၁၁ စီးသာခန့်ဖြင့် လုပ်ဆောင်နေရသည်ဟု စည်ပင်က ပြောသည်။

 

 စည်ပင်အနေဖြင့် မြို့တော်သန့်ရှင်းလာစေရန် လက်ကမ်းစာစောင်များ၊ စီးပွားရေလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းပွဲများပြုလုပ်လျက်ရှိသည်။