
ခိုင်ရိုးလ၊ DMG
အောက်တိုဘာလ ၁၁၊စစ်တွေ
စစ်တွေမြို့တွင် စရဖတစ်ဦးလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပေါက်တောမြို့က လူမှုရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး အောက်တိုဘာလ ၁၀ ရက် ညနေ ၅ နာရီအချိန်ခန့်က ပေါက်တောမြို့မရဲစခန်းတွင် ဖမ်းဆီးခြင်းခံလိုက်ရသည်။
ခိုင်ဘိုဘို ကို ပေါက်တောမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက လမ်းမထက်မှာ ဖမ်းဆီးသွားခြင်းဟု ကိုခိုင်ဘိုဘို၏ဖခင် ဦးထွန်းသာအောင်ကပြောသည်။
ပေါက်တောမြို့မရဲစခန်းက ရဲအုပ်သန်းဌေးက “ သူ့ကို ကျွန်တော်တို့ စစ်တွေ အမှတ် ၁ ရဲစခန်းကို ပို့လိုက်ပါပြီ။ စစ်တွေနယ်မြေရဲစခန်းက (ပ) နံပါတ် ၉၀ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီးတော့ စစ်ဆေးစရာရှိတယ်လို့ ပေါက်တောက ထိန်းသိမ်းခိုင်းပြီး စစ်တွေကို လွှဲလိုက်တာပါ ” ဟု ဆိုသည်။
ယခုဖမ်းဆီးခြင်းခံရသူမှာ ပေါက်တောမြို့ ကိုခိုင်ဘိုဘို(ခေါ်)ခိုင်သော်ဖြစ်ပြီး ရခိုင်လူငယ်ညီလာခံ ပေါက်တောမြို့နယ် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ စစ်တွေတက္ကသိုလ် သမိုင်းမေဂျာ နောက်ဆုံးနှစ် ကျောင်းသားလည်း ဖြစ်သည်။
ယင်းအပြင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တပ်ကြပ် ဖိုးလုံးပစ်သတ်ခံရမှုကြောင့် လူ ၅ဦးအပြင် ကိုအောင်ဇော်လင်း၊ ကိုမေယုထွန်းတို့လည်းဖမ်းဆီးခံထားရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်တွင် အမည်မသိသူတစ်ဦးက ကိုဖိုးလုံးကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။




