၇ ဦးမြောက် ဖမ်းဆီးစစ်ဆေးခံနေရသူ ဇော်ဝင်း(ခ) မေယုထွန်း

 

 ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၁၀၊ စစ်တွေ

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရဖ)မှ တပ်ကြပ် ဝင်းထိုက်ခေါ် ဖိုးလုံး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံထားရသူ (၇) ဦးထိရှိလာသည်။

ဖိုးလုံးပစ်သတ်ခံရမှုကြောင့် ကနဦးကတည်းက လူ ၅ ဦးနှင့် အောက်တိုဘာလ ၉ ရက်နေ့က ကိုအောင်ဇော်လင်းအား ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့ ကိုမေယုထွန်းကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ယခု ဖမ်းဆီးထားသူ ကိုမေယုထွန်းအား (ပ) ၉၀ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး အောက်တိုဘာလ ၂၂ ရက်နေ့ကို စစ်တွေမြို့နယ်တရားရုံးတွင် ရမန်ယူထားကြောင်း စစ်တွေအမှတ် ၂ ရဲစခန်းမှ စခန်းမှူး အေးကျော်က ပြောသည်။

“ ရရှိထားတဲ့ ဒေတာအချက်လက်အရ သူ့ကို စစ်ဆေးဖို့ ဖမ်းဆီးထားတာပါ။ စစ်ဆေးနေတုန်းပါ ” ဟု ၄င်းကပြောသည်။

မေယုထွန်းကို ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၀ ရက် နေ့လည်  ၁၂ နာရီကျော်တွင် စစ်တွေမြို့လောကနန္ဒာအနီးရှိ Arakan CSO Network ရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။

မေယုထွန်းခေါ် ဇော်ဝင်းသည် ရသေ့တေင်မြို့နယ် ဦးဂါကျေးရွာမှဖြစ်ပြီး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးလည်းဖြစ်သည်။  

စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်တွင် အမည်မသိသူတစ်ဦးက စရဖမှ တပ်ကြပ် ကိုဖိုးလုံးအား သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲသည်။