
(စာရေးဆရာ ဝေဟင်အောင်ကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းသို့ ခေါ်ဆောင်သွားစဉ်။ ဓါတ်ပုံ - နေဝင်းစံ၊ DMG)
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ ။ စာရေးဆရာ ဝေဟင်အောင်ကို ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က သူရဲ့ယောက္ခမ အိမ်ကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ အချိန် ၁ နာရီခန့် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီကနေတစ်ဆင့် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းကို ရဲတပ်ဖွဲ့ကားနဲ့ခေါ်ဆောင်သွားခဲ့သည်ကိုတွေ့ရှိရပြီး ည ၈ နာရီခွဲ အချိန်ထိ အဆိုပါစခန်းမှ ထွက်လာခြင်းမရှိသေးဘူးလို့ ကိုဝေဟင်အောင်ရဲ့ အစ်ကိုဖြစ်သူ ကိုသိန်းဝင်းက ပြောပါတယ်။
“ လောလောစဉ်ကတော့ ဖမ်းတာလား၊ စစ်ဆေးဖို့ခေါ်သွားတာလားဆိုတာ တိတိကျကျမသိရသေးဘူး။ ခေါ်သွားတာကတော့ အထက်လူကြီးတွေနဲ့တွေ့ဖို့ဆိုပြီးတော့ သူ့ယောက္ခမရဲ့အိမ်က ခေါ်သွားတာပါ။ ” ဟု ကိုသိန်းဝင်းက ပြောပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ (၂၂၃) နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ်စာဟောပြောပွဲမှာ “ လလည်းကွယ် ပြည်လည်းဆုံး” ခေါင်းစဉ်နဲ့ ဒေါက်တာအေးမောင်နဲ့အတူ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့ကြောင်း သိရပါတယ်။
ကိုဝေဟင်အောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူ ကိုသိန်းဝင်း ကတော့ အများအတွက် အနစ်နာခံတဲ့သူတွေကို တစ်ယောက်ပြီး တစ်ယောက် ဥပဒေပုဒ်မအမျိုးမျိုး တပ်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ပြောပါတယ်။
ကိုသိန်းဝင်းက “ ဒီမိုကရေစီနိုင်ငံကို ချီတက်နေတဲ့အခါမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသား ခွင့်တွေ ရှိနေတဲ့ထဲမှာ အများအတွက် အနစ်နာခံပြီးတော့ လုပ်နေတဲ့ လူတွေကို ဒီလိုတစ်ယောက်ပြီး တစ်ယောက်ဖမ်းသွားတာကတော့ ဘယ်လိုမှ လက်သင့်ခံလို့ရတဲ့ကိစ္စမဟုတ်ဘူး။ ” လို့ ပြောပါတယ်။
အခုလိုဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဝေဟင်အောင်ဟာ “ဝေဟင်အောင်” ပရဟိတဖောင်းဒေရှင်းကိုလည်း တည်ထောင် ထားသူဖြစ်ပါတယ်။

(စာရေးဆရာ ဝေဟင်အောင်ကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းသို့ ခေါ်ဆောင်သွားစဉ်။ ဓါတ်ပုံ - ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ)




