
နိုဝင်ဘာ ၇ ရက်၊ ၂၀၁၈ ခုနှစ် ၊ နေရောင်မင်း(စစ်တွေ) /DMG
ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်မှုကော်မတီတို့ နိုဝင်ဘာ လ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်နယ်အစိုးရရုံး၌ ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ရန်လိုအပ်သည့် အချက်များဖြစ်သည့် ပြည်တွင်းပြည်ပ ဈေးကွက်များအတွက်ဈေးကွက်နှင့်ကိုက်ညီသည့် ဒေသထွက်ထုတ်ကုန်များနှင့် လုပ်ဆောင် မှုများကို တွက်ချက်အသိပေးရန်၊ အရေအသွေးကောင်းမွန်ရေး ၊ဈေးနှုန်းသက်သာရေး၊ တာရှည်ခံရေး ဈေးကွက်တွင် မျက်နှာပန်းလှရေး စီစဉ်ဆောင်ရွက်ပေးရန် ချေးငွေအထောက်အပံ့များရရှိရေး ဆောင်ရွက် ပေးရေးတို့ကို စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုဆွေးနွေးခဲ့ကြသည်။
“ ကျနော်တို့ စီးပွားရေးကျွမ်းကျင်သူတွေ စုပေါင်းပြီးတော့ ရခိုင်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆိုပြီးတော့ အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြတယ်။ ဒီအပေါ်မှာ အစိုးရရဲ့ ပြန်လည်ဖြေကြားမှုကိုတော့ တစ်ချို့ဟာတွေက အားရတယ်။ တစ်ချို့ဟာတွေကိုလည်း အားမရဘူးပေါ့”ဟု ရခိုင်ပြည်နယ် ပုဂ္ဂလိက ဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်မှုကော်မတီ ဥက္ကဌ ဦးစိုးပိုင်က ပြောသည်။
လက်ရှိအစိုးရ၏ စီးပွားရေးလုပ်ငန်းများ အားနည်းနေခြင်းသည် ဒေသမတည်ငြိမ်ခြင်းကြောင့်ဟု ဆိုကြသည်။ အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းဘက်ကို ဦးစားပေး မလုပ်နိုင်ခြင်းနှင့် စီးပွားရေးကျဆင်းနေခြင်းသည်လည်း ဒေသထွက် ကုန်ပစ္စည်းများ အရည်အချင်းမပြည့်မီခြင်းကြောင့်ဟု ၎င်းကဆက်လက်ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်မှာက လိုအပ်ချက်တွေ ပြောရမယ်ဆိုရင် အများကြီးပဲ ပြောနေလို့လည်း ပြီးမှာမ ဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ဒေသက စပါးစိုက်တဲ့ ဒေသဖြစ်တာကြောင့် တစ်သီးစား စိုက်ပျိုးရေးကနေ ဥပမာ နှစ်သီးစား သုံးသီးစား စိုက်ပျိုးလို့ရအောင် ဘယ်လိုလုပ်မလဲ မျိုးစေ့တွေ ဘယ်လိုပြောင်းစိုက်ကြမလဲ ဒါတွေကိုအရင်ဆုံး စလုပ်ဖို့လိုတယ် ”လို့ ဦးစိုးပိုင်က ပြောသည်။
စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် အစိုးရအနေဖြင့် တစ်ဦးချင်းဝင်ငွေများ တိုးလာစေရန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းပေးရန်နှင့် ပြည်တွင်ပြည်ပ စီးပွားလုပ်ငန်းရှင်များနှင့် မကြာခဏတွေ့ဆုံ သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။




