(ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်။ ဓါတ်ပုံ - နေရောင်မင်း (စစ်တွေ)/DMG)
မေလ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှူ မဟာဗျူဟာ (တတိယမူကြမ်း) အပေါ် ရခိုင်ပြည်သူများမှ အကြံဥာဏ်များ ရယူပွဲသို့ တက်ရောက်ခြင်းသည် အရာအရာစွန့်လွှတ်ပြီး မျက်စိပိတ်ခြေစုံကန်ပြီး တက်ရောက်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှူ မဟာဗျူဟာ (တတိယမူကြမ်း) အပေါ် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ သဘောထားအမြင်နှင့် အကြံဥာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ ကျနော် ရခိုင်အမျိုးသားပါတီက တက်လာပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်အတွက် ဒီမှတစ်ဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရခိုင်အမျိုးသားပါတီက ကျနော့်ကို ရွေးချယ်ပေးလိုက်ပြီးတော့ ဒီနေ့ NLD ပါတီက ယုံယုံကြည်ကြည်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ သတ္တုဝန်ကြီးကို ရခိုင်အမျိုးသားပါတီထဲက တစ်ဦးတည်းကိုပဲ ကျနော့်ကို ဆွဲခေါ်ပြီးတော့ ကျနော်ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရာရာမျက်လုံးပိတ်၊ ခြေစုံကန်ပြီးတော့ ဒီနေ့ဒီနေရာကို တက်လာခြင်းဖြစ်ပါတယ်။ ” ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။
ရခိုင်လူမျိုးတစ်ယောက်ဖြစ်သောကြောင့် လယ်သမားများ၏ နှလုံးသားနှင့်ခံစားပြီး ဝန်ကြီးဖြစ်နေသော်လည်း အမှန်တရားနှင့် ပတ်သက်လာလျှင် ကိုယ့်ရာထူးကိုလည်း ထည့်မတွက်ကြောင်း၊ ပြောသင့်ပြောထိုက်သည်ကို ပြောကြားသွားမည်ဟု ခံယူထားကြောင်း၊ သို့ဖြစ်ပါ၍ လယ်သမားများအနေဖြင့် စိုးရိမ်စရာမရှိဘဲ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ တင်ပြကြပါနှင့် ဥပဒေနှင့်အညီပြောဆိုကြပါကြောင်း ၄င်းကတိုက်တွန်းထားသည်။
လက်ရှိရခိုင်ပြည်နယ်တွင် တောင်သူလယ်သမားများမှာ လယ်ယာမြေစွန့်ခွာမှူများပြားလာကြောင်း၊ ဆန်စပါးအထွက်နှူန်းလည်းလျှော့နည်းလာကြောင်း၊ ယခုနှစ်တွင် ဆန်စပါးဝယ်သူနည်း၍ ဈေးကောင်းမရှိခြင်း၊ ယင်းအပြင် လယ်သမားများမှာ စစ်တပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါတီက ခေါင်းတချို့၏ လယ်ယာမြေသိမ်းဆည်းမှူကိုလည်း ခံနေရကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးကျော်ဇံက DMG သို့ ပြောကြားထားသည်။
တောင်သူလယ်သမားတို့၏ ကျွဲ၊ နွား အသုံးပြုသည့် လယ်ယာမြေကနေ စက်မှူလယ်ယာမြေသို့ ကူးပြောင်းနိုင်ရန် ယခုရေးဆွဲနေသော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုက်မှူ မဟာဗျူဟာ မူကြမ်းက အထောက်အပံ့ဖြစ်လိမ့်မည်ဟု ရခိုင်စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ဆက်လက်ပြောကြားခဲ့သည်။




