
မင်းထွန်း ၊ DMG
အောက်တိုဘာလ ၁၂ ၊ စစ်တွေ
ကျောက်ဖြူမြို့နယ်တွင် ခုံး(ဂုံး)သေဆုံးမှုနှင့်ပတ်သက်ပြီး Facebook ပေါ် တင်မှုဖြင့် အမှုဖွင့်ခံရသည့် အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်ကို အောက်တိုဘာလ ၁၂ ရက်နေ့က အာမခံဖြင့် လွှတ်ပေးလိုက်သည်။
ကိုမျိုးလွင်ကို ကျောက်ဖြူမြို့နယ်၊လောင်းချောင်းမြစ်ကြောင်းနှင့်ကျားအိုချောင်းတို့တွင် ခုံးသေဆုံးမှုများနှင့်ပတ်သတ်ပြီး သတင်းမှား တင်သည်ဟုဆိုကာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက အမ်းမြို့မရဲစခန်းတွင် အောက်တိုဘာလ ၁ ရက် နေ့က တိုင်ချက်ဖွင့်လိုက်ခြင်းဖြစ်သည်။
၎င်း၏ ဖုန်း၊ဆင်းကဒ်တို့ကို ထိန်းသိမ်းကာ ငွေကျပ် (၁၀)သိန်းကျော်ဖြင့် အာမခံပေးကာ လွှတ်ပေး လိုက်ခြင်းဟု အမ်းမြို့မရဲစခန်းမှူးကပြောသည်။
’’ လောလောဆယ်တော့ ကိုမျိုးလွင်ကိုင်တဲ့ ဖုန်း ၊ဆင်းကဒ်တို့ကို ထိန်းသိမ်းထားပြီးံ ငွေ (၁၀ ) သိန်းကျော်နဲ့ အာမခံပြီး လွှတ်ပေးထားပါတယ်။ တရားရုံးတွင် ရင်ဆိုင်ရမည့် နေ့ကိုတော့မသတ်မှတ်ရသေးပါဘူး ’’ ဟု အမ်းမြို့မရဲစခန်းက ပြောသည်။
ကျောက်ဖြူမြို့နယ်သံဇစ်မြစ်ရေတွင်ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ဂုံးများအစုလိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သောကြောင့် ပြည်သူလူထုများက စိုးရိမ်မှုမြင့်တက်သွားခဲ့ကြသည်။ ခုံးသေဆုံးခြင်းမှာ မိုးရေများပြီး ရေချိုဝင်ရောက် မှုကြောင့် သေဆုံးခြင်းဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။
ကိုမျိုးလွင်သည် အမ်းမြို့နယ်အတွင်း ရေနံနှင့် သဘဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လယ်ယာမြေ လျော်ကြေးပြဿနာနှင့် ပတ်သက်၍ တရုတ် CNPC ကုမ္ပဏီနှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာ တိုက်မှု ဖြင့်လည်း ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။




