
သြဂုတ် ၁၀၊ ချလူးအောင်
မောင်တောဒေသအတွင်း အကြမ်းဖက်မည့် ကိစ္စများနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် သတင်းများအရ ဒေသအတွင်းလုံခြုံရေးကို အပြည့်အဝချထားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က သြဂုတ်လ ၉ ရက်နေ့က မီဒီယာများသို့ ပြောကြားလိုက်သည်။
မောင်တောဒေသအတွင်း ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သည့်အဖွဲ့နှင့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွင် တွေ့ဆုံပြီး မီဒီယာများ၏မေးမြန်းမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။
“ လက်ရှိအခြေအနေ နယ်မြေအခြေအနေနဲ့ ပတ်သက်ပြီး ဆိုလ်ရှယ်မီဒီယာတွေမှာလည်း ပျံနှံ့နေတာတွေရှိပါတယ်။ မြေပြင်ပေါ်မှာတော့ လုံခြုံရေးဆောင်ရွက်နေတာတွေရှိပါတယ်။ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် သတင်းတော့ရရှိထားပါတယ်။ အဲ့ဒီရရှိထားတဲ့ သတင်းအတွက်လည်း လုံလောက်တဲ့လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေလည်း အပြည့်အဝ ဆောင်ရွက်ထားပါတယ်။ ”ဟု ဦးရဲထွဋ်က ပြောသည်။
လက်ရှိအချိန်တွင် မောင်တောဒေသ၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီး ပြည်ပကစွပ်စွဲပြော ဆိုနေကြသလို မောင်တောမြောက်ပိုင်း ဘင်္ဂါလီများကို လွတ်လပ်စွာသွားလာခွင့် မရရှိဟုဆိုသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့် အားလုံးလွတ်လပ်စွာသွားလာခွင့်ကို ဥပဒေနှင့်အညီ လွတ်လပ်စွာခွင့်ပြုထားသလို ဒေသမှန်အခြေအနေ ရောက်ရှိနိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုခဲ့သည်။




