ကျော်ချစ်၊DMG၊ ဒီဇင်ဘာ ၄၊ စစ်တွေ

 ပေါက်တောမြို့နယ်တွင် ဒီဇင်ဘာလအတွင်းကျင်းပမည့် ဆံတော်ရှင်ဘုရားပွဲတော်အတွက် လုံခြုံရေး အခြေအနေ အထူးစိုးရိမ်စရာမရှိကြောင်း ဆံတော်ရှင်ဂေါပကအဖွဲ့ကဆိုသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်သည့် ဆံတော်ရှင်ဘုရားပွဲတော်အား ယခုနှစ်တွင် ဒီဇင်ဘာလ ၁၆ ရက် နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်ကျင်းပနေချိန်အတွင်း လုံခြုံရေးအခြေအနေကို ပေါက်တောမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့မှ ဦးရွှေဘော်သူက ပြောသည်။

 “လုံခြုံရေးက ပေါက်တောနယ်မြေတည် ငြိမ်မှုရှိတဲ့အတွက် မြို့နယ်လုံခြုံရေး တပ်ဖွဲ့တွေကိုပဲ တာဝန်ယူပေးဖို့ စီစဉ်ထားပါတယ်။ လုံခြုံရေးအခြေအနေက စိုးရိမ်စရာ မရှိလောက်ပါဘူး”  ဟု ၄င်းကပြောသည်။

ဘုရားဖူးခရီးသည်များမှာ သင်္ဘော၊ အမြန်ရေယာဉ်၊ မော်တော်ဘုတ်များဖြင့်  ပွဲတော်သို့လာရောက်ကြပြီး နှစ်စဉ်လူပေါင်းသိန်းချီ လာရောက်လေ့ရှိကြသည်။

ထိုသို့လာရောက်ရာတွင် သင်္ဘော၊ အမြန်ရေယာဉ်များပေါ်မှ ကူးတို့လှေဖြင့်တစ်ဆင့် ကမ်းသို့သွားရသည့်အတွက် ဘုရားဖူးသူအများစုမှာ စိုးရိမ်မှုများဖြစ်ပေါ်ကြရသည်။

ယခုနှစ်ဘုရားပွဲတော်တွင် ကူးတို့လှေပေါ်တွင် သတ်မှတ်လူထက် ပိုမတင်ရန်နှင့် ကူးတို့ကူးရာတွင် ကူညီရေးအဖွဲ့များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆံတော်ရှင်ဂေါပကအဖွဲ့ကပြောသည်။

  “ကူးတို့လှေတွေကူးတဲ့အခါ မတော်တဆမှုတွေ မဖြစ်ရအောင် ကူညီရေးအဖွဲ့တွေလည်း အကူအညီပေးသွားဖို့ရှိတယ်။ ကူးတို့လှေတွေကိုလည်း သတ်မှတ်လူဦးရေထက်မတင်ဖို့၊ အခကြေးငွေတွေ ပိုမကောက်ဖို့ မှာကြားထားပါတယ် ” ဟုဦးရွှေဘော်သူက ပြောသည်။

ဆံတော်ရှင်ဘုရားပွဲတော်သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဘုရားဖူးသူများ လာရောက်မှုများပြားသည့် ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင်လည်း ဇာတ်ပွဲ၊ ဆီမီးထွန်းပွဲတော် များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဟုမျှော်လင့်ကြောင်း ဂေါပကအဖွဲ့မှဆိုသည်။