
ဇာမရီပညာရေးဖောင်ဒေးရှင်းမှ Scholarship လျှောက်လွှာခေါ်ယူ ကြေငြာစာ။
မတ်လ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ထူးချွန်သည့် တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ဇာမရီပညာရေးဖောင်ဒေးရှင်းမှ ၂၀၁၈ - ၂၀၁၉ ခုနှစ်အတွက် အခမဲ့ပညာရေးသင်ကြားနိုင်ရန် Scholarship ခေါ်ယူနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ ခရိုင် ၅ ခုမှ ဆင်းရဲနွမ်းပါးပြီး ထူးချွန်ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသား ၁၀ ဦးကို ရွေးချယ်သွားမည်ဟု တည်ထောင်သူ ဦးဝေဟင်အောင်က ပြောသည်။
“ဆင်းရဲနွမ်းပါးပြီးတော့ ပညာရေးကိုလမ်းတစ်ပိုင်းမှာ မရောက်သွားစေချင်တဲ့ဆန္ဒ၊ ဆင်းရဲနွမ်းပါးပြီးတော့ ဘဝတက်လမ်း အတွက် ခြေလှမ်းတစ်ခုအနေနဲ့ ရစေချင်တဲ့ရည်ရွယ်ချက်။ ဆင်းရဲနွမ်းပါးပြီးတော့ ထူးချွန်တဲ့ကလေးတွေ ကျောင်းပြင်ပကို မရောက်သွားဘဲနဲ့ ကျောင်းပညာရေးလမ်းကြောင်းထဲကို ရောက်လာစေချင်တဲ့ဆန္ဒနဲ့ ဒီဟာလိုလုပ်တာဖြစ်ပါတယ်။ ” ဟု ပြောသည်။
Scholarship ဝင်ခွင့်ဖြေဆိုရန် လျှောက်လွှာများကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဝင်ခွင့်စာမေးပွဲကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝင်ခွင့်စာမေးပွဲမှ Scholarship ရွေးချယ်ခံရသည့် ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်တန်း တက်ရောက်ရန် ပညာသင်ကြေး၊ နေထိုင်ရေးနှင့် ထမင်းစားစရိတ်တို့ကို ဇာမရီဖောင်ဒေးရှင်းမှ တာဝန်ယူထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယင်းအပြင် Scholarship ရွေးချယ်ခံရသည့် ကျောင်းသား/သူများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး ထူးချွန်သည့်တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိမည်ဆိုပါက တက္ကသိုလ်ပြီးသည်အထိကို ဇာမရီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေအတွက် ဒါဟာအခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်” ဟု ဦးဝေဟင်အောင်က ပြောသည်။
Scholarship လျှောက်မည့် ကျောင်းသား/သူများအနေဖြင့် ၀င်ခွင့်စာမေးပွဲဖြေဆိုရာမှာ နဝမတန်းသင်ရိုးညွှန်းတန်းမှ မြန်မာစာ ၅၀ မှတ်နှင့် အင်္ဂလိပ်စာ ၅၀ မှတ်အတွက် မေးခွန်းများကို မေးမြန်းသွားမည်ဖြစ်သည်။
အဆိုပါ ဝင်ခွင့်စားမေးပွဲအတွက် မြန်မာစာတွင် စကားပြေနှင့် ကဗျာစာအုပ်တို့မှ နောက်ဆုံးသင်ခန်းစာ ၄ ခုကို လေ့လာထားရန်နှင့် အင်္ဂလိပ်စာ Text Book စာအုပ်မှ Grammar များနှင့် နောက်ဆုံးသင်ခန်းစာ ၄ ခုကို လေ့လာထားရန် လိုအပ်ကြောင်းလည်း သိရသည်။
ဆင်းရဲနွမ်းပါးပြီး ထူးချွန်ထက်မြတ်သည့် ကျောင်းသား/သူများအတွက် Scholarship ပေးအပ်သည့် ဇာမရီပညာရေးဖောင်ဒေးရှင်းကို ယခုဖမ်းဆီးတရားစွဲဆိုခံထားရသည့် စာရေးဆရာဝေဟင်အောင်မှ ဦးစီးပြီး ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၂၀၁၇-၁၈ ပညာသင်နှစ်မှ Scholarship ရရှိပြီး အခမဲ့ပညာသင်ကြား ပေးနေသည့် ကျောင်းသား/သူ ၅ ဦးရှိကြောင်းလည်း သိရသည်။




