ခိုင်ရိုးလ၊ DMG၊ ဒီဇင်ဘာ ၅၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာအချို့မှ လိုအပ်သည့်အချက်အလက်များကို လွှတ်တော် ကိုယ်စားလှယ်များ တောင်းခံရာတွင် လွယ်ကူစွာ ကြည့်ခွင့်မရသည့်အတွက် ပြည်သူများ နစ်နာမှု ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များမှာ စာရင်းဇယားများအားကြည့်ခွင့်ရရန် ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင် ပြီးမှ ကြည့်ခွင့်ရကြသည့်အတွက် အချို့ကိစ္စများတွင် ပြည်သူများ နစ်နာသည်ဟု ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ဆိုသည်။

“ကျောက်နီမော်ကိစ္စဆိုရင် စာရင်း ရင်းမြစ်ကိုသိဖို့လိုတယ်။ စာရင်းဇယား ရင်းမြစ်တွေမှာ ဘာတွေ ရှိတယ်။ သူ့မိဘဘိုးဘွားတွေဆီမှာ ဘာတွေရေးထားလဲ လွှတ်တော်ကိုယ်စားလှယ်တွေ သိဖို့လိုတယ်။ ပြည်သူအတွက်ဖွင့်ပေးဖို့လိုတယ်။ ဒါက ပြည်သူ့အစိုးရပဲ ” ဟု ပြောသည်။

ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာများမှ စာရင်းဇယားများတောင်းခံကြည့်ရှုခွင့်ရရှိရေးနှင့်ပတ်သက်၍ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းဝေးတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များက တရားဝင်တင်ပြ ပြောဆိုခဲ့ကြသည်။

“ဌာနဆိုင်ရာတွေဆီက စာရင်းဇယားတွေ တောင်းခံတဲ့အခါ အစိုးရကခွင့်မပြုတဲ့အတွက် ပေးလို့မရဘူးဆိုတာမျိုးတွေ တွေ့ရပါတယ်။ ဒီလိုဆိုရင် အခက်အခဲတွေရှိလာပါတယ်။ ပြည်သူအတွက် ချပြရမယ့်ဟာတွေရှိတဲ့အခါ ပြည်သူက နစ်နာတာပေါ့” ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

ဌာနဆိုင်ရာများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ပေးလို့မရသောစာရင်းဇယားများရှိနေသည်ဟု ပြည်နယ် အစိုးရအဖွဲ့က တုန့်ပြန်သည်။

“ ပြည်နယ်အစိုးရဆီကို တိုက်ရိုက်တောင်းခံပါလို့ ပြောထားတာ ဖြစ်ပါတယ်။ စာရင်းဇယား ဆိုတာကလည်း ပေးလို့ရတဲ့ဟာတွေ ရှိတယ်၊ ပေးလို့မရတဲ့ စာရင်းဇယားတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရမှတစ်ဆင့် လွှတ်တော်မှ တောင်းခံပါဆိုတာမျိုးပါ။ သူတို့တောင်းလာတဲ့ တောင်းဆိုချက်တွေ အပေါ်မှာ ဒီကပေးလို့ရတဲ့ အချက် တွေကျတော့ ထုတ်ပေးမှာပေါ့နော် ” ဟုရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စုအတွင်း ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားကဒ် ၃၃၀၆ ဦး ထုတ်ပေး ခဲ့သည့်ကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် မူလရင်းမြစ်အချက်အလက်များအား ရမ်းဗြဲ မြို့နယ်လဝကရုံးမှ ကြည့်ရှုခွင့်၊ မှတ်သားခွင့်များမရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။