
ခိုင်ရိုးလ/ DMG
မတ် ၁၀၊ ပုဏ္ဏားကျွန်း
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်း တိုက်ခိုက်ခံရသည့်အတွက် ကျောင်းသားမိဘများမှာ သူတို့သားသမီးများ၏ ပညာရေး ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ မတ်လ ၉ ရက်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်။
ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူ များအတွက် ပညာရေးထိခိုက်မည်ကို အုပ်ထိန်းသူများက စိုးရိမ်နေကြခြင်းဖြစ်သည်။
“ စာမေးပွဲဖြေဖို့အတွက် ကလေးတွေကအစ ကျောင်းသားမိဘတွေလည်း စိုးရိမ်နေကြပါတယ်။ ကလေးတွေစာကျက်ဖို့ကလည်း အဆင်မပြေတော့ဘူး။ ပစ်ခတ်သံတွေကြားတော့ တစ်ညလုံးမအိပ်လိုက်ရဘူး။ အခု ကျောင်းသားတွေကို မကြောက်ရအောင် ပြောပြထားရတယ်။ ဒါပေမယ့် စာဖတ်ဖို့ပြောတော့ သူတို့တွေက စာမှာစိတ်မဝင်စားတော့ဘူး ” ဟု တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားမိခင်တစ်ဦးက DMG ပြောသည်။
ယင်းအပြင် ယိုးတရုပ်စာစစ်ဌာနသို့ အနီးရှိကျေးရွာများမှ စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းတစ်ချို့မှာ မိမိတို့ကျေးရွာများကို ပြန်သွားကြသည်များလည်းရှိနေသဖြင့် စိတ်မကောင်းဖြစ်ရကာ တိုက်ပွဲများ မဖြစ်စေလို ကြောင်း ကျုရှင်ဆရာတစ်ဦးဖြစ်သူ ဦးမြင့်ဝင်းလှိုင်ကပြောသည်။ “ ကြောက်လန့်နေရတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးတော့ဖြစ်လာတဲ့အတွက် စာမေးပွဲကာလအတွင်းမှာ ယခုလိုမဖြစ်စေချင်ပါ ” ဟုပြောသည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း စခန်းအတွင်းထားရှိသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွှာများနှင့် အဖြေလွှာများမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနှင့် စာမေးပွဲကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဟုလည်း ယိုးတရုပ်စာစစ်ဌာနမှ ကြီးကြပ်ရေးမှူး ဆရာဦးဝင်းမောင်ကပြောသည်။
“စာမေးပွဲကဆက်ပြီးတော့စစ်မယ်၊ လုံခြုံရေးကတော့ ပြည်နယ်အစိုးရအဖွဲ့က သူတို့ထပ်ပြီးရင် ချပေးမယ်ပေါ့” ဟု ပြောသည်။ ယိုးတရုပ်ကျေးရွာ စာစစ်ဌာနအတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ ၆၄၆ ဦးခန့်ရှိပြီး ပျက်ကွက် ၅၃ ဦးထိရှိကြောင်းလည်းပြောသည်။
ယိုးတရုပ် ရဲကင်းစခန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနMOI ဖေ့စ်ဘုတ်စာမျက်နှာတွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ယိုးတရုပ်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ဖြစ်စဉ်မှာ မတ်လ ၉ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ AA အဖွဲ့ အင်အား ၆၀ ခန့် က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုပ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ် ၀င်တန်းစာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့် လုပ်ငန်းတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။




