
ခိုင်ရိုးလ / DMG
ဇွန်လ ၂၅ ရက် ၊ ၂၀၁၈ ခုနှစ်။ ။ မောင်တောခရိုင်အတွင်းမှ တက္ကသိုလ်တက်ရောက်မည့် ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲတစ်ခုဖွင့်လှစ်ရန် စီစဉ်နေကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တာဝန်ယူထားသည့် ဒေါက်တာဝင်းနိုင်က ပြောသည်။
မောင်တောဒေသက ဘင်္ဂါလီကျောင်းသားများမှာ စစ်တွေတက္ကသိုလ်သို့ လာရောက် မသင်ယူနိုင်ခြင်းကြောင့် အဝေးသင်ဌာနခွဲဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်တာဝန်ယူထားသည့် ဒေါက်တာဝင်းနိုင်က ပြောသည်။
“ တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ဘင်္ဂါလီကျောင်းသားတွေကို အဝေးသင်ဌာနခွဲ မောင်တောမှာ သွားလုပ်တယ်ဆိုတာ သူတို့က စစ်တွေတက္ကသိုလ်ကို လာမတက်နိုင်တဲ့အတွက်ကြောင့် အဝေးသင်ပညာရေးကို သင်မယ်ဆိုရင် အဲဒီမှာ ဖောင်တွေဘာတွေဖြည့်ဖို့ ငွေသွင်းဖို့ Assignment တွေ ထုတ်ဖို့နဲ့ တင်ဖို့အတွက် ဝန်ထမ်းနည်းနည်းထိုင်ပြီး သွားလုပ်ပေးရမယ်။ ” ဟု ပြောသည်။
ဘင်္ဂလီ ကျောင်းသား၊ ကျောင်းသူများကို အဝေးသင်ပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာသင်နှစ်များမှ အဆက်ပြတ်နေသည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် စစ်တွေတက္ကသိုလ် Day သင်တန်း တက်ရောက်ခဲ့ပြီးမှ အဝေးသင်သို့ ပြောင်းရွေ့တက်ရောက်လိုသည့် ကျောင်းသားများအတွက်အတွက်လည်း အဆိုပါ အဝေးသင်ဌာနခွဲမှာ ဝိဇ္ဇာဘာသာရပ်များဖြစ်သော သမိုင်းနှင့် မြန်မာစာ အထူးပြုဘာသာရပ်များကို ပြောင်းရွေ့သင်ကြားပေးရန် စီစဉ်ထားကြောင်း ဒေါက်တာဝင်းနိုင်က ပြောသည်။
တက္ကသိုလ်တက်ရောက်မည့် ဘင်္ဂလီကျောင်းသား၊ ကျောင်းသူများအတွက် အဝေးသင်တက္ကသိုလ်လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် မော်ကွန်းထိန်းထံ ဆက်သွယ်ကြရန်ကို နှိုးဆော်ထားသည်။
၂၀၁၂ ခုနှစ် အရေးအခင်းကြောင့် ဘင်္ဂလီကျောင်းသား၊ ကျောင်းသူများကို စစ်တွေတက္ကသိုလ် တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပြီး လက်ရှိမှာတော့ စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာနှင့် သံတွဲမြို့တို့မှာ အဝေးသင်ဌာနခွဲများ ဖွင့်ထားပြီး ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများက စာမေးပွဲ ဝင်ရောက်ဖြေဆိုမှုများရှိကြောင်း သိရသည်။




