(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဖေဖော်ဝါရီလ ၂၃ ရက် ၊ ၂၀၁၈ ခုနှစ် / DMG

ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဒေသန္တရလက်လုပ်မိုင်းနှစ်လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါလက်လုပ်မိုင်းနှစ်လုံးကို ဘူးသီးတောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစဉ် တင်းမေကျေးရွာ၏တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၊ ဝါးရုံအောက်၌ ARSA အစွန်းရောက်အဖွဲ့မှ စွန်ပစ်ခဲ့သည့် ပလတ်စတိတ်အိတ်ဖြင့် ထုတ်ထားသော အချင်း ၄ လက်မခွဲ၊ အရှည် ၇ လက်မခန့်ရှိ ကားပစ္စတင်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးနှင့် အချင်း ၂ လက်မ၊အရှည် ၉ လက်မ ခန့်ရှိသော သံပိုက်လုံးဖြင့် ပြုလုပ်ထားသော အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းနှစ်လုံးကို အများပြည်သူ အန္တရယ်ကင်းဝေးစေရေးအတွက် သက်မဲ့ပြုလုပ်ကာ မိုင်းတွေ့ရှိသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 

Author: DMG