လက်ရှိ စစ်တွေမြို့တွင် စက်သုံးဆီ ၁ လီတာကို ၁၂၀၀ ကျပ်ထိ မြင့်တက်နေ

 

နေရောင်မင်း(စစ်တွေ)၊ DMG

အောက်တိုဘာ ၁၀၊ စစ်တွေ

 

ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေး မြင့်တက်နေခြင်းကြောင့် ရန်ကုန်-စစ်တွေ ပြေးဆွဲနေသည့် ကားလက်မှတ်များ ကျပ်နှစ်ထောင်ခန့်ထိ မြင့်တက်နေသည်။

 

ယခင်က ရန်ကုန်-စစ်တွေ ကားလက်မှတ်များသည် ၂၀၅၀၀ ကျပ်သာရှိပြီး လက်ရှိအချိန်တွင်  ကျပ် ၂၂၀၀၀ အထိမြင့်တက်သွားခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ အရင်က ဂါလံ ၅၀ ပါ စက်သုံးတစ်ပေပါ ကို တစ်သိန်းကျော်လောက်နဲ့ဝယ်ရတယ်။ အခုကျွန် တော်တို့ နှစ်သိန်းကျော်လောက်ပေးဝယ်ရတယ်။ ဒါကြောင့်ကျွန်တော်တို့ ဈေးအနည်းငယ်တင်ထားရတာ”လို့ ရန်ကုန်စစ်တွေပြေးဆွဲနေသည့် ကစ္စပနဒီ ယာဉ်လိုင်း ဂိတ်မှူး ကိုဝင်းနိုင်ကပြောသည်။

 

စက်သုံးဆီဈေးနှုန်းများမှာ လွန်ခဲ့သည့် နှစ်လခန့်မှ စတင်မြင့်တက်နေခြင်းဖြစ်ပြီး ပြန်ကျလာနိုင်ခြင်း မရှိသလို စက်သုံးဆီဈေး ဆက်လက် တက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ဝေဖန်ပြောဆိုကြသည်။

 

“ဆီဈေးကတော့ ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်နေတာဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးမှာ တက်နေတယ်။ ဒါပေမယ့် ရခိုင်မှာက ပိုပြီးတော့ တက်လိမ့်မယ် ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည် သယ်ယူပို့ဆောင် ရေးစရိတ်တွေ မြင့်တယ်”ဟု မြန်မာနိုင်ငံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း လက်ထောက် အထွေထွေ မန်နေဂျာ ဦးထင်အောင်ကျော်က ပြောသည်။

 

စက်သုံးဆီဈေးနှုန်း မြင့်နေမှုကို လျော့ချနိုင်ရန် အစိုးရအနေဖြင့် စက်သုံးဆီမှကောက်ခံသည့် အခွန်များကို ယာယီရပ်ဆိုင်းထားသင့်ကြောင်း၊ အစိုးရအနေဖြင့်လည်း ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်မျာကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ၄င်းကဆိုသည်။

 

ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းတစ်ခုတည်းသာ မြင့်တက်နေခြင်းမဟုတ်ဘဲ တခြား စားသုံးကုန် လူသုံးကုန်ပစ္စည်းများလည်း မြင့်တက်နေခြင်းဖြစ်သည်။