၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ မင်းထွန်း / DMG

တစ်နိုင်ငံလုံးရှိ စစ်ဘေးဒုက္ခသည်များ၏ လုံခြုံရေးနှင့် စားဝတ်နေရေးကိစ္စရပ်များကို အစိုးရနှင့် အစိုးရ မဟုတ်သော INGOs အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကူညီပေးရန် ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့၊ ကွန်ရက် (၅) ခု၊ တတ်သိပညာရှင်များပါဝင်ပြီး စစ်တွေမြို့တွင် ၃ ရက်ကြာဆွေးနွေးခဲ့သည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေး ဖိုရမ်မှ ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။

“ရာသီဥတုကြမ်းတမ်းတဲ့ ဆောင်းရာသီမှာ စစ်ဘေးဒုက္ခသည်တွေကို အစိုးရအနေနဲ့ရော၊ (INGO) အဖွဲ့ အစည်းတွေအနေနဲ့ရော ထိထိရောက်ရောက် အခက်အခဲမရှိအောင်ကူညီပေးချင်တယ်။ အဲဒီလိုကူညီ ပေးမှလည်း သူတို့ရဲ့နေထိုင်ရေးအဆင်ပြေမယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေစေဖို့ အခုလို တောင်းဆိုလိုက်တာဖြစ်တယ်” ဟု ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်မှ ဦးဆောင်သူ ကိုစိုးနိုင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် လက်ရှိတွင် ဒုက္ခသည်ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင် နေကြရပြီး ကျောက်တော်မြို့နယ်တွင် စစ်ဘေးဒုက္ခသည်အများဆုံးဖြစ်ကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များအတွက် အခြေခံလိုအပ်ချက်များကို အစိုးရဌာနအချို့၊ နိုင်ငံရေးပါတီအချို့နှင့် လူမှု ကူညီရေးအဖွဲ့တို့မှ ကူညီပေးမှုများရှိသော်လည်း ဒုက္ခသည်ဦးရေနှင့် မျှတမှုမရှိသေးကြောင်း၊ ယင်းအပြင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေသောကြောင့် ဒုက္ခသည်များအားကူညီပေးမည့်အဖွဲ့များကို မသွားရောက်ရန် မြန်မာ့စစ်တပ်မှ ဟန့်တားမှုများရှိနေသည်။

လက်ရှိ စစ်ဘေးဒုက္ခသည်များမှာ စစ်ပွဲများရပ်တန့်မှ အဆင်ပြေမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“စစ်ပွဲက ရေရှည်မလား ၊ ရပ်တန့်သွားမလားဆိုတာကိုတော့ မသိဘူး။ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေတဲ့နေရာများဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများဖြစ်တယ်။ ပညာရေးနှင့် ကျန်းမာရေး ဆိုတာ ကလည်း အစကတည်းက ချွတ်ယွင်းနေပြီသားဖြစ်တယ်။ ရေရှည်မှာ ကျန်းမာရေး၊ ပညာရေးတွေအတွက်ဆိုရင် အရင်ဆုံး စစ်ပွဲတွေရပ်တန့်သွားမှ အဆင်ပြေမယ် “ ဟု ၎င်းကပြောသည်။