
ချမ်းအေး ၊ စက်တင်ဘာ ၁၉
မြောက်ဦးမြို့နယ်၊ စပါးဆိပ်ရပ်ကွက်နေ ဦးကျော်သိန်းနှင့် ဒေါ်ဖြူဖြူခိုင်တို့၏ သားဖြစ်သူ မောင်ကျော်ကျော်သန်းမှာ ပြီးခဲ့သည့်နှစ်က ကော့သောင်းမြို့တွင် ကိုရင် ဘဝနှင့် စာသင်ကြားနေရာမှ အိမ်ပြန်လာတော့မည်ပြောပြီး အဆက်အသွယ်ပြတ်သွားသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်ဟု မိခင်ဖြစ်သူမှ ပြောသည်။
မောင်ကျော်ကျော်သန်းကို ကော့သောင်းမြို့ရှိ ရွှေပြည်သာရပ်ကွက်၊ ရွှေပါရမီကျောင်းရှိ ဆရာတော်တစ်ပါးမှ စာသင်ကြားပေးမည်ဟုဆိုပြီး ၂၀၁၃ ခုနှစ်တွင် မိဘဖြစ်သူတို့ထံမှခေါ်ဆောင်သွားပြီး စာသင်ကြားနေရာမှ အိမ်နှင့်အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ဖြူဖြူခိုင်မှ DMG သို့ ပြောသည်။
ဒေါ်ဖြူဖြူခိုင်က “ပထမတော့ အဆက်အသွယ်ရပါတယ်။ ရှင်ဘဝနဲ့ စာသင်နေတယ်ဆိုတော့ စိတ်ချမ်းသာ တာပါ့။ အဲဒီနောက်မှာ သူက နောက်ပြောင်သလိုမျိုးပြောပါတယ်။ အမေ သားအိမ်ပြန်လာတော့မယ်တဲ့ ပြီးတော့ ငွေတစ်သိန်းတောင်းတယ်။ နောက်ခဏကြာတော့ စတာ အမေတို့မှာရှိမှာမဟုတ်ဘူးဆိုပြီး ပြောပြီးတဲ့နောက်မှာ ဖုန်းအဆက်အသွယ်ပြတ်သွားတာပဲ” ဟု ပြောသည်။
ဒေါ်ဖြူဖြူခိုင်တို့တွင် မိသားစုဝင် ၉ ဦးရှိပြီး သားဖြစ်သူမောင်ကျော်ကျော်သန်း အသက် ၉ နှစ်အရွယ်တွင် ဆရာတော်ဦးဝိသောတမှ ပညာသင်ပေးမည်ဟုပြောသည့်အတွက် ဆရာတော်နှင့်အတူ ကော့သောင်းသို့ ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျမတို့ကလည်းဆင်းရဲလို့ ပညာကောင်းကောင်း မသင်ပေးနိုင်ပါဘူး။ သားလေးက အဲ့ဒီတုန်းက (၃) တန်းဘ ကျောင်းသား ၉ နှစ်အရွယ်ပဲရှိသေးတယ်။ ကျူရှင်တွေမထားနိုင်တော့ ပညာတက်ဖြစ်ရင်ပြီးရောဆိုပြီး ဆရာတော်နဲ့ ကော့သောင်းကို ထည့်ပေးလိုက်တယ်” ဟု ဒေါ်ဖြူဖြူခိုင်မှ ပြောသည်။
မောင်ကျော်ကျော်သန်းနှင့် အဆက်အသွယ်ပြတ်သွားသည့်နောက်တွင် ခေါ်ဆောင်သွားသည့်ဆရာတော်အား ဆက်သွယ်ခဲ့ရာ စုံစမ်းနေသည်ဟုပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဆရာတော်နှင့်လည်းအဆက်အသွယ်မရ တော့ကြောင်း မိသားစုဝင်များထံမှသိရသည်။
သားဖြစ်သူပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များမှ မြောက်ဦးမြို့မရဲစခန်းတွင် ပြီးခဲ့သည့်နှစ်က လူပျောက်တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း မိခင်ဖြစ်သူမှ DMG ကိုပြောဆိုထားသည်။




