ခင်သရဖီဦး၊ DMG

စက်တင်ဘာ ၁၅၊ မောင်တော

မောင်တောမြို့နယ်၊သဘောင်္ကွေ့ရွာကို ဖြိုဖျက်ထားသည်မှာ  နှစ်လကျော် ကြာမြင့်ခဲ့သော်လည်း အစိုးရထံမှ  မြေနေရာချမပေးသေးသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ မြေနေရာ ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း စာရေးပေးပို့တောင်းဆိုသွားမည်ဟု ရွာသားများက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့  တင်ပြရန် စီစဉ်ရခြင်းမှာ တပ်မတော်နှင့် သင်္ဘောကွေ့ ရွာသားများအကြား ဆက်ဆံရေးအဆင်ပြေမှုရှိသောကြောင်းဟု ဦးစိန်အောင်က ပြောသည်။

အများကြီး ပတ်သတ်မှုရှိတယ်။ အဓိကအချက်အနေနဲ့ မေယုဒေသအနောက်တံခါး လုံခြုံရေး၊ လူအင်းအားဖြည့်တင်ရေး နဲ့ ဒေသခံစီးပွားဖွံ့ဖြိုးရေး အချက်တွေနဲ့ ရွာတည်ထားတာမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စာတင်သွားမှာဖြစ်ပါတယ်ဟု ၎င်းကဆိုသည်။

လူမှုကွန်ယက်မှုတစ်ဆင့် အစိုးရအား လိပ်မူပြီး  မြေနေရာပေးရန် တင်ပြခဲ့သော်လည်း တစ်စုံတစ်ခု ထူးခြားမလာခဲ့ပေ။ယင်းကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မြေနေရာရရှိရေးအတွက် တင်ပြမည်ဟုဆိုသည်။သို့သော် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုလည်း မြေနေရာပေးရန် စာရေးသား တောင်းဆိုသွားမည်ဟု ဦးစိန်အောင်က ပြောသည်။

သင်္ဘောကွေ့ရွာတွင်  မြို့နယ်အသီးသီးက လူဦးရေ ၂၀၀ ကျော်ခန့် နေထိုင်ခဲ့ပြီး ယင်းရွာတွင် ဘင်္ဂလီများ နေထိုင်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။နေထိုင်သူများကမူ ယခင်အဆက်ဆက်က ရခိုင်လူမျိုးများ မြေနေရာဖြစ်သော ကြောင့် နေထိုင်သည်ဟု ဆိုကြသည်။

ယင်းရွာ တည်ထောင်စဉ် အစိုးရအဖွဲ့ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာ တည်ထောင်သူ နှစ်ဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားသည်။

အစိုးရက ယင်းသို့ဖျက်သိမ်းပြီးနောက် ရွာသူ၊ရွာသားများအား ဝါတွင်းကာလမရောက်မီ မြေနေရာ ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်ရှိအချိန်အထိ မပေးသေးကြောင့် ရွာသားများအနေဖြင့် ကျောက်ပန္ဒူဘုန်းကြီး ကျောင်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသည်ဟု ဦးစိန်အောင်က ဆိုသည်။

ကျနော်တို့က အခုဆိုရင် နှစ်လကျော်ထိ ကျောက်ပန္ဒူဘုန်းကြီးကျောင်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတာပါ။ မိုးတွင်း လေတွင်းထဲမှာ  အစားဆင်းရဲ ၊အနေဆင်းရဲ ဒုက္ခများစွာခံနေရပါတယ်။ အချိန်အတိုင်းအတာ တစ်ခုထိ အစိုးရဆီက ထောက်ပံ့မှု တစ်ခုမှ မပေးသေးဘူး ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ယင်းရွာသားများအား မြေနေရာချပေးရန်အတွက် ကွင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။အသေးစိတ်ကိုမူ ဖြေဆိုမှုမရှိပေ။