
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅၊ ခိုင်ရိုးလ / DMG
မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကြောက်လန့်၍ ထွက်ပြေးလာကြ သည့် ကျောက်တော်မြို့နယ်၊ကျွန်းသာယာကျေးရွာက စစ်ဘေးဒုက္ခသည်များကို ဒေသတည်ငြိမ်နေပြီဟုဆိုကာ နေရပ်ပြန်ကြရန် ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်နေ့)က တပ်မတော်က တိုက်တွန်းသည်။
ကျွန်းသာယာကျေးရွာက ဒေသခံ(၂၀၀)ကျော်ခန့်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ဘေးရှောင်ရန် ကံစောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။ကျောက်တော် အခြေစိုက် အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ် (စကခ-၉)မှ တပ်မတော်အင်အား (၁၀)ကျော် ခန့်က ဘုန်းတော်ကြီးကျောင်းသို့လာရောက်ကာ မိမိကျေးရွာသို့ ပြန်ကြရန် ပြောကြားခဲ့သည်။သို့သော်လည်း ဒေသတည်ငြိမ်မှု မရှိသေးသောကြောင့် နေရပ်မပြန်ရန်ဆုံးဖြတ်ခဲ့ကြသည်ဟု ကျွန်းသာယာ ကျေးရွာက စစ်ဘေးရှောင် ကိုအောင်လင်းဦးက DMG ကိုပြောသည်။
“သူတို့က ရွာကို ပြန်ဖို့လွှတ်တယ်။သူ(တပ်မတော်)တို့ ပို့ပေးမယ်လို့ပြောတယ်။ကျနော်တို့ကတော့ ရွာကို ပြန်ဖို့ အစီအစဉ်မရှိဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကြောက်တယ်ဗျာ။သူတို့ တကယ်တမ်း အာမခံတယ်ဆိုပေမယ့် ကျနော်တို့ မပြန်ရဲဘူး။ပြီးတော့ လမ်းကြောင်းလည်း မပွင့်သေးဘူး။ လမ်းကြောင်းက ဒီနားမှာ သိပ်စစ်ဆေးတာ များတယ်။ကျနော်တို့ အဲဒီကို တက်ရင် ရိက္ခာလည်း မတင်ရရင် စားရေးသောက်ရေးလည်း အခက်အခဲရှိသွားလိမ့်မယ်လေ ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ကျွန်းသာယာကျေးရွာသို့ သွားသည့် လမ်းခရီး တစ်လျှောက်ရှိ တောင်မင်းကုလားရွာနှင့် ချင်းမဝန်တောင်းကျေးရွာရှိ ချောင်းကမ်းနားတို့တွင် အခြေစိုက်ပြီး ကျေးရွာသားများကို စစ်ဆေးနေသည်။ ယင်းကျေးရွာသို့ မည်သည့်ပစ္စည်း တစ်စုံတစ်ရာမျှ တင်ဆောင်ခွင့်မရှိဟု ဒေသခံများက ဆိုကြသည်။ ယင်းကြောင့် မိမိကျေးရွာသို့ ပြန်သွားကြလျှင် ရိက္ခာပြတ်လပ်မည်ကို ဒေသခံများက စိုးရိမ်ကြခြင်းဖြစ်သည်။
“လမ်းမဖွင့်ပေးတာကတော့ ဒီရွာသားတွေကို ပုံမှန်မဟုတ်သေးလို့ မဖွင့်ပေးတာလို့ ပြောတယ်။နောက်တော့ ဖွင့်ပေးမယ်လို့ ပြောတယ်”ဟု ကျွန်းသာယာ ကျေးရွာက စစ်ဘေးရှောင် ကိုကျော်သန်းဌေးက ဆိုသည်။
ဒေသခံများကမူ ယင်းသို့ တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေမှုများအား ရပ်တန့်ပေးရန် လိုလား နေကြသည်။
အဆိုပါ စစ်ဘေးရှောင်များအား စစ်ပွဲ ရပ်တန့်နေပြီဖြစ်သောကြောင့် မိမိနေရပ်သို့ ပြန်ကြရန် တိုက်တွန်း ခြင်းဖြစ်ပြီး အတင်းအဓမ္မပြန်လွှတ်ခြင်းမဟုတ်ဟု ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။
“အပေါ်မှာ စစ်ပွဲတွေ မရှိတော့ဘူး။တကယ်လို့ ပြန်ချင်တယ်ဆိုရင် ပြန်ဖို့အတွက် စီစဉ်ပေးပါမယ်။ တပ်မတော်က ပစ္စည်းတွေ ဝိုင်းပြီးတော့ စက်လှေတွေ၊ဘာတွေ စီစဉ်ပေးမယ်။ အဲလိုပြောတယ် ”ဟု ၎င်းကဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နယ်မြေများအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ယင်းတို့၏ မူနေရပ် များသို့ အမြန်ဆုံးပြန်လည်ရွှေ့ပြောင်းနေရာချပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး တပ်မတော်ကလိုအပ်သလို ပူးပေါင်းကူညီစောင့်ရှောက်မည်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ကျောက်တော်မြို့နယ်၊ကံစောက်ကျေးရွာသို့ သလူချောင်း၊ကျွန်းသာယာ စသည့်ကျေးရွာက ဒေသခံ ၄၀၀ ကျော်မှာ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည်။
တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှု လေးလကျော်ကြာရပ်ဆိုင်းမည်ဟု ကြေငြာသည့်နေ့ တွင်လည်း ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။




