
ခင်သရဖီဦး/DMG
ဖေဖော်ဝါရီလ ၂၁၊ စစ်တွေ
ရသေ့တောင်မြို့နယ်၊မင်းဖူးကျေးရွာတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၂၀ ရက်)၊နံနက် ၁၀ နာရီကျော်ခန့်မှာ တပ်မတော်အင်အား ၇၀ ခန့်က ကျေးရွာအနီးတွင် ဗုံးပေါက်ကွဲသည်ဟုဆိုကာ ကျေးရွာအတွင်းသို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး အသက်(၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG ကိုပြောသည်။
သေနတ်ကျည်ထိမှန်၍သေဆုံးသွားသူ မရီရီစိုးမှာ သေနတ်သံကြားသဖြင့် အိမ်ပေါ်သို့ ပြေးတက်စဉ် ကျည် ဆန်ထိမှန်၍ သေဆုံး သွားခြင်းဖြစ်သည်ဟု အဆိုပါဒေသခံက ဆိုသည်။
“ သူ့ အလောင်းကိုနေအိမ်မှာဘဲ ထားထားတယ်။ ဘာမှ မလုပ်ဘဲပေါ့။ အထက်က အရာရှိတွေစစ်ဆေးမှု လုပ်လာရင် ရအောင်လို့။ သူတို့မိသားစုတွေကလည်း ဒီတိုင်းပဲနေကြပါတယ် ”ဟု ၎င်းကပြောသည်။
ယင်းအပြင် ကျည်ဆန်ထိမှန်၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသည့် အသက် (၄) နှစ်အရွယ် မဧပြီစိုးမှာလည်း နှာခေါင်သွေးလျှံထွက်နေ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်တို့းအား ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။




