နေရောင်မင်း(စစ်တွေ) ၊DMG

အောက်တိုဘာလ ၁၉၊ စစ်တွေ

မြန်မာ့တပ်မတော်ဘက်က ထိုးစစ်များများရှိလျှင် တိုက်ပွဲများများဖြစ်ပွားသည်ဟု ရက္ခိုင့်တပ်မတော် (AA) ၏ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က DMG ကိုပြောသည်။

ကာလအတန်ကြာ တိုက်ပွဲဖြစ်ပွားမှုမရှိသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲမှာ အောက်တိုဘာလ (၁၄) ရက်နေ့မှ စတင်ကာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

“ဗမာစစ်တပ်ဖက်က ပွင့်လင်းရာသီ ရောက်လာရင် စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုအနေအထား ဗမာပြည်အနှံ့မှာ ဘယ်လိုရှိမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ဘက်က ထိုးစစ်များများရှိရင် တိုက်ပွဲများများဖြစ်တယ်။ ထိုးစစ်နည်နည်းပဲ ရှိရင် နည်းနည်းပဲ ဖြစ်တယ် ” ဟု ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီး မြိတ်ဝကျေးရွာအနီးတွင် အောက်တိုဘာလ (၁၇) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ခမရ(၅၄၁)တပ်ရင်းမှ အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း (၃) ဦးကျဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။  

“ဗမာ စစ်တပ်ဖက်မှ စစ်ကူများကို တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ထပ်မံပေးပို့နေသောကြောင့် နောက်ရက် များတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ပြီး တိုက်ပွဲဧရိယာသည်လည်း ပိုမိုကျယ်ပြန့်လာဖွယ် ရှိနိုင်သည်”ဟု ရက္ခိုင့်တပ်မတော်(AA) က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်မတော်အနေဖြင့် ထိုးစစ်များကို ပြန်လည်တုံ့ပြန်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်မတော်(AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်ကြသည့် တအောင်း(ပလောင်) တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)တို့သည် စက်တင်ဘာလ ပထမပတ်က တရုတ်နိုင်ငံတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံခဲ့သည်။

ယခုအောက်တိုဘာလအတွင်းတွင်လည်း အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံမည့် အစီအစဉ်များ ရှိနေသည်။