နေရောင်မင်း(စစ်တွေ)/DMG
ဇန်နဝါရီလ ၂၇၊စစ်တွေ
မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အပြစ်မဲ့ အရပ်သားပြည်သူများအား နှိပ်စက်မှုတိုင်းကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာစစ်ခုံရုံးသို့ လာမည့် ဧပြီလအတွင်း ပေးပို့မည်ဟု ရက္ခိုင့်တပ် မတော်(AA)က သတင်းထုတ်ပြန်လိုက်သည်။
ဇန်နဝါရီလ(၂၆) ရက်နေ့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား ရသေ့တောင်မြို့နယ်၊သမီးလှ(ရွာသစ်) အနီး၌နံနက်(၉) နာရီ(၄၂) မိနစ်တွင်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သမီးလှကျေးရွာ(ရွာသစ်) အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၎င်းရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၇) နှစ်အရွယ်ရှိ မောင်နိုင်စိုးမှာ လက်နက်ကြီးကျည်စထိမှန်မှုရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့အပြင် သမီးလှကျေးရွာအတွင်းမှ အမျိုးသားများကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးပြီး နှိပ်စက်မှု၊ ရိုက်နှက်သတ်ပုတ်မှုတို့ကို တပ်မတော်ပြုလုပ်ခဲ့သည်ဟု AA က ဆိုသည်။
ဒေသခံများဖြစ်ကြသည့် မောင်ဝင်းလှိုင်နှင့် ညီပုချေတို့နှစ်ဦးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညနေ(၆) နာရီတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ယင်းအပြင် ကုန်တန်း နှင့် နွားရုံတောင်ကျေးရွာသို့ တပ်မတော်( တပ်ရင်းအမည်စုံစမ်းဆဲ) သည် “သမီးလှရွာသစ်”ရှိ ရွာသူ/ ရွာသားများထံမှ ရွှေ၊ငွေ၊ လက်ဝတ်ရတနာ ပစ္စည်းများကို လည်း လုယက်ယူဆောင်သွားကြောင်းသိရှိရသည်ဟု ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားသည်။
တပ်မတော်သည် သမီးလှ ရွာသစ်မှ ရွှေ၊ငွေ၊လက်ဝတ် ရတနာပစ္စည်းများကို လုယက် ယူဆောင်သွားသည်ဟု ရက္ခိုင့်တပ်မတော်၏ ပြောကြားချက်ကို တပ်မတော်က ပယ်ချလိုက်သည်။
“ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ရွာကို လုံခြုံရေးအရ စိစစ်တာရယ်၊ လုံခြုံရေးဆောင်ရွက်တာတွေကို နယ်ခြားစောင့်ရဲအဖွဲ့တစ်ဖွဲ့နဲ့ ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာတော့ ဒီအချိန်မှာ သတင်းဖြစ်ပေါ်နေတဲ့အတိုင်း ငွေကြေးတွေ၊ ပစ္စည်းတွေယူသွားတာတို့မရှိပါဘူး။ အဲဒါကစွပ်စွဲချက်သက်သက်ပဲ” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယင်းအပြင် တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော်ဘက်က ပြောဆိုသကဲ့သို့ လူ့အခွင့် အရေးချိုး ဖောက်မှုများမရှိဟုလည်း ၎င်း ဆက်လက်ဆိုသည်။
“လူ့အခွင့်ရေးချိုးဖောက်တယ်ဆိုတာမရှိပါဘူး။ တပ်က ကျွန်တော်တို့က စစ်ဘေးရှောင်တွေကိုသွားပြီး ကူညီထောက်ပံ့ပေးတဲ့အခါ လုံခြုံရေးဆောင်ရွက်ပေးတာတို့ပဲရှိတယ်။ သမီးလှကျေးရွာဘက်မှာ လုံခြုံရေးအရ စိစစ်တာတော့ရှိပါတယ်။ ရွာထဲကနေ(ကျွန်တော်တို့) စစ်ကြောင်းကို မိုင်းဆွဲပြီးတိုက်ခိုက်တာလေ။ အရပ်ဝတ်တွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့အတွက်ကြောင့် AA ဟာ ရွာသားအယောင်ဆောင်ပြီး ရှိနိုင်တာဖြစ်တယ်။ ရွာသားတစ်ချို့လည်း သူတို့တွေနဲ့ပူးပေါင်းပြီး လုပ်တာရှိနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လုံခြုံရေးအဖွဲ့တွေကတော့ လိုအပ်တဲ့လုံခြုံရေး ဆောင်ရွက်ရမှာပဲ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်က စစ်ရာဇဝတ်ကျူးလွန်မှု၊ မတရားနှိပ်စက်မှုများကို သတ္တိရှိရှိဖြင့်ထွက်ဆိုချက်များ၊သက်သေများကို မိမိတို့ထံပေးပို့နိုင်ကြောင်းလည်း ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ထားသည်။




