ချလူးအောင် | DMG
ဇူလိုင် ၂၀၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်းရှိ ပြာပင်ရင်းချောင်းဝတွင် တပ်မတော် ရေတပ်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုပြောသည်။
မြန်မာ့တပ်မတော်သည် AA ကို ကြည်း၊ရေ၊လေ တပ်များကို အသုံးပြုပြီး တိုက်ခိုက်နေရာတွင် ရေတပ်သင်္ဘောများသည် အဓိကထောက်ပံ့ရေးကဏ္ဍများကို ယူနေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ခိုင်သုခက ဆိုသည်။
“ပစ်တာတော့ဟုတ်တယ်။ ထိခိုက်ကျဆုံးမှုအားလုံးကိုတော့ အသေးစိတ်မရသေးဘူး။ အကျအဆုံးများတာတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။
ရေတပ်သင်္ဘောပစ်ခတ်ခံရမှုမှာ မှန်ကန်ကြောင်းနှင့် လက်ရှိတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
“ဘာမှ ဖြစ်မသွားပါဘူး။ ထိခိုက်မူဘာမှမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ပစ်ခတ်မှုများရှိခဲ့သောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ရွာသားတစ်ဦးက ပြောသည်။
“မနက် ၈ နာရီလောက်မှာ ပစ်ခတ်သံ သုံးချက်ကြားရပါတယ်။ မြေကြီးတွေတောင်တုန်သွားပါတယ်။ ရေတပ်သင်္ဘော ၂ စီးမှာ တစ်စီး မီးခိုးတွေထွက်လာတွေ့ရတယ်။ အခု ရွာသူ/သားအားလုံး စိုးရိမ်ကြောက်လန့်လို့ ထွက်ပြေးသွားကြပြီ။ အသက်အရွယ်ကြီးသူ တစ်ဦး၊နှစ်ဦးလောက်ပဲ ကျန်လိုက်တယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ သရက်အုပ်ရွာအနီး တောင်စိန်မြစ်အတွင်း၌ မြန်မာ့တပ်မတော်၏ စစ်သင်္ဘော(၂)စီးအား AA ကွန်မန်ဒိုများက တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထား သည်။
မြေပုံမြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်ဖြစ်သကဲ့သို့ ဇူလိုင်လ ၁၉ ရက်နေ့တွင် တပ်မတော်နှင့်AA တို့ ပထမ အကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်၏ ထိုးစစ်များကို တုံ့ပြန်သွားမည်ဖြစ်ပြီး လိုအပ်လျှင် စစ်မျက်နှာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။




