
စိမ်းကိုကို၊DMG
စက်တင်ဘာ ၁၇၊ ကျောက်တော်
ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာ၊ ညောင်ပင်လှကျေးရွာ၊ ပိန္နဲချောင်းကျေးရွာများမှ ဒေသခံတောင် သူများမှာ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက တပ်သိမ်းမြေများအား ပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာ ၃ ရွာမှ လယ်ယာမြေများကို ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်က အမှတ် ၃၇၄ တပ်ရင်း၊ အမှတ် ၃၇၅ တပ်ရင်း၊ အမှတ် ၃၇၆ တပ်ရင်းနှင့် တပ်မတည်ဆောက်ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြေဧက ၂၂၀၀ ခန့်ကို တောင်သူ ၂၀၀ ကျော်ထံမှ သိမ်းယူခဲ့ ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် သိမ်းဆည်းမြေများပေါ်တွင် တပ်အတွက်လိုအပ်သော အဆောက်ဦးများ ဆောက်လုပ်ခြင်းမရှိပဲ သီးစားချပေးထားကြောင်းလည်း တောင် သူဦးလှအောင်သိန်းကပြောသည်။
“တပ်မတော်အဆောက်ဦးတွေဆောက်ဖို့ ကျွန်တော်တို့ပေးရရင်ကျေနပ်တယ်။ အခုက အဆောက်အဦး မဆောက်ပဲ မြေဧက အများကြီးပိုနေတယ်။ အဲဒီပိုနေတဲ့ မြေတွေကို လယ်သမားတွေကို ပြန်ပြီး သီးစားချတယ်။ အဲဒါ လိုအပ်တာထက်ပိုနေတယ်။ အဲဒါကို နိုင်ငံတော်အကြီးအကဲတွေ သိစေချင်တယ်။ ကျွန်တော်တို့ တပ်အတွက် လိုသလောက်သုံးပါ။ ကျန်တာတွေကို ကျွန်တော်တို့လယ်သမားတွေကို ပေးစေချင်တယ်”ဟု ပြောသည်။
သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်မှ တပ်နှင့် တဆက်စပ်တည်း မရှိသော လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးရန်နှင့် မစွန့်လွှတ်နိုင်သည့် မြေများ အတွက် လျော်ကြေးငွေများ ပေးအပ်ရန်အစီအစဉ် ရှိ/ မရှိ အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့မှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ် မပေးနိုင်သလို ဦးပိုင်တောင်သူများမှ သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် လျော်ကြေးငွေများ ပေးလျော် နိုင်ခြင်းမရှိကြောင်း ဖြေကြားထားသည်။
ကာကွယ်ရေး ဒုဝန်ကြီး၏ ဖြေကြားချက်နှင့် ပတ်သက်ပြီး ဒေသခံတောင်သူ တစ်ဦးဖြစ်ကလည်း ယခုလို တုန့်ပြန် ပြောဆိုသည်။
“ကျွန်မတို့ကို သဘောတူတယ်လို့ပြောတယ်။ ကျွန်မတို့က ကိုယ့်လယ်ကိုယ့်မြေကို သိမ်းထားတာကို ဘယ်လို လုပ်သဘောတူမှာလဲ။ သူတို့က ရေရှင်မြေရှင်တွေဆိုတော့ ကြောက်ပြီးတော့ စွန့်ပေးရတာပေါ့” ဟု ညောင်ပင်လှ ကျေးရွာမှ ဒေါ်ရွှေသာနုကပြောသည်။
လယ်ယာမြေများသိမ်းဆည်းခံရသည့်အတွက် တောင်သူများမှာ လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ဖြစ်ပေါ်နေပြီး လျော်ကြေးငွေပေးအပ်ထားသည်ဆိုသည်မှာလည်း မဟုတ်မှန်ပဲ မြေခွန်၏ ၁၀ ဆ ကိုသာ ပေးခဲ့ခြင်းဖြစ်ပြီး မြေ ၁၀ ဧက အသိမ်းခံရသည့် လယ်သမားများတွင် ငွေ ၁၅ ကျပ်ခန့်သာရရှိခဲ့ကြောင်းလည်း တောင်သူများကပြောသည်။
ဆန္ဒပြတောင်သူများမှာ ကာကွယ်ရေး ဒုဝန်ကြီး၏ဖြေကြားချက်အပေါ် ပြန်လည်စီစစ်ပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများအား ပြန်လည်စီစစ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပြီး တောင်သူ ၁၀၀ ကျော်ခန့်က ကျောက် တော်မြို့ပေါ်၌ လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။




