
(သတင်းအစအဆုံး)
ခိုင်မင်း(ကျောက်ဖြူ)၊DMG
စက်တင်ဘာလ ၁၃၊ကျောက်ဖြူ
တရုတ်ပြည်တွင် မိန်းကလေးငယ်တစ်ဦး လူကုန်ကူးမှုခံရထားရပြီး မိခင်ဖြစ်သူက ရောင်းစားခဲ့ခြင်းဟု သတင်းထွက်ပေါ်နေသောကြောင့် မိခင်ဖြစ်သူကို ရဲတပ်ဖွဲ့ ယနေ့(စက်တင်ဘာလ ၁၃ ရက်)နေ့ ၊ နေ့လည်ပိုင်းက စစ်ဆေးရာ လူကုန်ကူးခံရမှုမရှိဟု စစ်ဆေး တွေ့ရှိရကြောင်း ကျောက်ဖြူမြို့မရဲစခန်းက သိရသည်။
အဆိုပါ မိန်းကလေးငယ်မှာ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်တွင်နေထိုင်သူ မဖြူဖြူစိုးဖြစ်သည်။ မဖြူဖြူစိုးသည် လက်ရှိ တရုတ်တွင် စပျစ်ခြံတစ်ခု၌ အလုပ်လုပ်နေသည်ဟု ရဲစစ်ဆေးချက်များအရ သိရသည်။
မိန်းကလေးအား ရောင်းစားမည့် ပွဲစားဟု သတင်းထွက်ပေါ်ခဲ့သည့် ဒေါ်ခင်စန်းမြင့်မှာလည်း ယခင်က အိမ်နီးချင်းနေခဲ့၍ ခင်မင်ရင်းနှီးသူ ဖြစ်ကာ ရောင်းစားခြင်းမှာ မဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲစခန်းမှ သိရသည်။
မဖြူဖြူစိုး၏ မိဘများသည် စားဝတ်နေရေး အဆင်မပြေမှုကြောင့် လွန်ခဲ့သည့် ၃ လခန့်က တရုတ်ပြည်တွင် နေထိုင်သည့် မိခင်၏အစ်မ ဝမ်းကွဲတော်စပ်သူ မဖြူဖြူထံ အလုပ်လုပ်ရန် ရန်ကုန်သို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ယင်းနောက် အောင်မင်္ဂလာကားဝင်းတွင် ၎င်း၏မိခင်နှင့်ဖုန်းဆက်ထားသူ အသက် (၄၀) ကျော်ခန့်ရှိ အရပ်ပုပု၊ခပ်ဝဝ အမျိုးသမီးတစ်ဦးမှ မဖြူဖြူစိုးအား တရုတ်သို့ ခေါ်သွားပြီး နောက် (၃) ရက်အကြာမှာ တရုတ်ပြည်သို့ ရောက်ရှိခဲ့ကြောင်း မိသားစုဝင်များက ထွက်ဆိုခဲ့သည်ဟု ကျောက်ဖြူမြို့မရဲစခန်းက သိရသည်။
မဖြူဖြူစိုး၏ မိခင်သည် အမ်းမြို့နယ်၊ ရေပုတ်ကျေးရွာဇာတိဖြစ်ပြီး အမ်းမြို့နယ် ၊သလူမော်ကျေးရွာနေ ဦးဖြူချေနှင့် အိမ်ထောင်ကျကာ ကျောက်ဖြူမြို့တွင် နေထိုင်လျက်ရှိသည်။




