ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့် ANC ၏ အဖွဲ့ဝင်အဖွဲ့အစည်းများအား ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုကာ လုပ်ကြံတိုက်ခိုက်မှုများ မကြာခဏဆိုသလိုရှိနေပြီး တိုက်ခိုက်ခံနေရသော Page များကိုလည်း ပြန်လည်ရယူပြီးဖြစ်ကြောင်း ANC မှ ဒီဇင်ဘာလ ၆ ရက်နေ့က သဘောထားထုတ်ပြန်သည်။
မကြာသေးမီကာလအတွင်းက ရခိုင်ပြည်အမျိုးသားကောင်စီနှင့် ၄င်း၏အဖွဲ့ဝင်အဖွဲ့အစည်းများ၏ Facebook Page များပေါ်မှ ANC နှင့် ANC ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေနိုင်သော အရေးအသားများတက်လာပြီးနောက်ပိုင်း ရခိုင်ပြည်သူလူထုအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
“ မသမာသူအုပ်စုတစ်စုသည် ANC နှင့် ANC အဖွဲ့ဝင်အဖွဲ့အစည်းများ၏ သတင်းစာမျက်နှာများအား စီမံခန့်ခွဲနေသူ Page Admin တဦးထံမှ Account Password များကို ပုဂ္ဂိုလ်ရေးခင်မင်မှုအား အလွဲသုံးစားလုပ်၍ ခိုးယူခဲ့ကြပြီး (၁) Arakan National Council Page (၂) All Arakan Students’ and Youths’ Congress Page (၃) Arakan Rivers Network Page နှင့် (၄) ထိုပုဂ္ဂိုလ်အား Page Admin အဖြစ် ထည့်သွင်းထားသော Voice and Action to Support Arakan Page များသို့ ၀င်ရောက်ကာ ANC နှင့် ANC ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေမည်ဟု ၎င်းတို့ယူဆပုံရသော လုပ်ကြံသတင်းများ၊ အဆင့်အတန်းမရှိသည့် အရေးအသားများအား ရေးသားဖြန့်ချီ ခဲ့ကြသည်။ ” ဟု ANC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် တိုက်ခိုက်နေသူများသည် ANC ၏ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှ နိုဝင်ဘာလအထိ အများပြည်သူသို့ တင်ပြထားသော သတင်း Post များအားလုံးကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဖြုတ်ချပစ်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်အမျိုးသားကောင်စီအနေဖြင့် အမျိုးသားနိုင်ငံရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်များနှင့် အခွင့်ကြုံတိုင်း ညှိနှိုင်းတိုင်ပင်ခြင်း၊ ချမှတ်ထားသော လမ်းစဉ်၊ လုပ်ငန်းစဉ်များအားလည်း လူထုသို့ တရားဝင်ရှင်းလင်းချပြခြင်းများကို ပုံမှန်ပြုလုပ်စမြဲဖြစ်ရာ တချို့လူများ၏ ဝေဖန်ပုတ်ခတ်မှုများအတွက် အချိန်ကုန်ခံပြီး ဖြေရှင်းနေမည်မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။






