နေရောင်မင်း(စစ်တွေ)၊ DMG
အောက်တိုဘာ ၆၊ စစ်တွေ
စစ်တွေ အကျဉ်းထောင်တွင် တိုက်ပိတ်ခံထားရသော အကျဉ်းသား(၁၀)ဦးအား ၎င်းတို့၏ အကျဉ်းခန်းအသီးသီးသို့ ပြန်လည်ရောက်စေလွှတ်ရန် အကျဉ်းသားများက အောက်တိုဘာလ ၆ ရက်နေ့က တောင်းဆိုမှုပြုလုပ်ရာမှ စတင်ကာ ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းသို့ဆူပူမှုဖြစ်ပွားခဲ့သောကြောင့် ထောင်ပတ်ဝန်းကျင်၌ ရဲတပ်ဖွဲ့အင်အား အများအပြားချကာ လုံခြုံရေး တင်းကျပ်လိုက် ပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ရောက်ရှိလာပြီး တောင်းဆိုသည့် အကျဉ်းသားများနှင့်တွေ့ ဆုံခဲ့ကြောင်းသိရသည်။
အကျဉ်းသားများ၏တောင်းဆိုကြောင့် တိုက်ပိတ်ခံနေရသည့် အကျဉ်းသား (၁၀) ဦး ကို ၎င်းတို့၏ အကျဉ်းခန်းအသီးသီးသို့ ပြန်လည်စေလွှတ်လိုက်သည်ဟု သိရသည်။
ယင်းအပြင် အကျဉ်းသားများက ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကို ထောင်ပိတ်ချိန် ခေါ်ယူစစ်ဆေးရိုက်နှက်မှု မရှိစေရေး၊ထောင်ဝန်ထမ်းများမှ အကျဉ်းသားများအား ခွဲခြားဆက်ဆံမှုမရှိစေရေး ၊တိုက်ပိတ်ခံထား ရသော သန်းထွန်းအား တွေ့ဆုံနိုင်ရေး၊အကြောင်းမရှိ အကြောင်းရှာ တိုက်ပိတ်ခံရမှုမရှိစေရေးနှင့် လူမျိုးရေး တန်းတူအခွင့်အရေး ရရှိစေရေးနှင့် တရားစခန်း ဓမ္မာရုံ အမြဲဖွင့်လှစ်ပေးစေရေးတို့ကို တောင်းဆိုခဲ့ကြကြောင်းသိရသည်။
အကျဉ်းသားများက တင်ပြတောင်းဆိုချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ညနေ (၃) နာရီတွင် ပြေလည်မှုရရှိသွားကြောင်းသိရသည်။
စစ်တွေထောင်တွင်းတွင် ထောင်ဝန်ထမ်းကို အကျဉ်းသားများက ရိုက်နှက်မှုကြောင့် ဆူပူမှု ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ တစ်စုံတစ်ရာဖြေဆိုမှုမရှိခဲ့ပေ။




