ချလူးအောင်/DMG

ဇွန်လ ၄၊ရသေ့တောင်

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ရသေ့တောင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စာ သင်ကျောင်းများ ဖွင့်လှစ်ရန် အခက်အခဲများရှိနေသည်ဟု မြို့နယ်ပညာရေးမှူး ဦးကျော်မြက ပြောသည်။

မြို့ပေါ်ရှိ ကျောင်းများနှင့် ရေစိုးချောင်း၊ကျောက်တန်ကျေးရွာရှိ စာသင်ကျောင်းများတွင် ကျောင်းဖွင့်လှစ် ရန် အခက်အခဲများပေါ်ပေါက်နေခြင်းဖြစ်သည်။

" နယ်ဖက်က ကျောင်းတွေဖြစ်တဲ့ ရေစိုးချောင်းတို့ ကျောက်တန်းတို့က ဆရာ၊ဆရာမတွေ ကျောင်းအပ်နှံဖို့ စာရင်းသွားကောက်ကြတယ်။ ပစ်ခတ်သံတွေကြားရင် ပြန်ပြေးလာကြတယ်။ ရသေ့တောင်မြို့ပေါ်က စာသင်ကျောင်းတွေတောင် ကျောင်ဖွင့်လှစ်ပြီး အေးဆေးစွာ ကျောင်းအပ်လက်ခံဖို့ အခြေအနေမရှိဖြစ်နေတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးကျော်မြက ဆိုသည်။

တပ်မတော်က ဖမ်းဆီးထားစဉ် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တန်းကျေးရွာ အထက်တန်းကျောင်း တွင် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ကျောင်းအပ်နှံလာကြသည့် ကျောင်းသား၊ကျောင်းသူ ဦးရေ မှာ ၂၀၀ ကျော်ခန့်သာရှိသေးသည်ဟု ကျောင်းအုပ်ဆရာကြီး ဦးစံသိန်းထွန်းက ပြောသည်။

“ကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ကျောင်းသား ဦးရေ ၂၀၀ ကျော်ပဲရှိသေးတယ်။ရွာမှာလည်း ပြန်လာတဲ့သူတွေ နည်းနေသေးတယ်။အခု ရက်ပိုင်း ပစ်ခတ်သံတွေကြားလို့ နီးစပ်ရာကျေးရွာတွေကို ပြန်ထွက်ပြေးသွားကြတဲ့ မိသားစုတွေလည်းရှိတယ်။ဆရာ၊ဆရာမတွေကတော့ မြို့နယ်ပညာရေးမှူးရဲ့ အစီအမံနဲ့ ရသေ့တောင်မှာ စုပြီး ထိုင်နေကြတယ်။ ကျောင်းအပ်နှံမှုတွေများလာပြီး စာသင်ပြတဲ့အချိန်မှာ လာကြမှာပါ ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ပညာရေး၊ကျန်းမာရေးနှင့်စီးပွားရေးတို့ကို ထိခိုက်နေမှုကြောင့် ဒေသခံများအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

Author: ချလူးအောင်