ဓါတ်ပုံ - Dhaka Trabune

မင်းထွန်း / DMG

ဖေဖော်ဝါရီလ ၉ ရက်

ချင်းပြည်နယ် ကင်းတလင်းကျေးရွာနှင့် ခမောင်းဝကျေးရွာတို့မှ မူလတန်းကျောင်းသား၊ ကျောင်းသူများ အပါအဝင် တိုင်းရင်းသား ၂၀၀ ခန့်ကို ဘင်္ဂလားဒေရှ်နိုင်ငံဘက်သို့ အေအေမှခေါ်ဆောင်သွားကြောင်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသကဲ့သို့ တိုင်းရင်းသား ၂၀၀ ခန့်အား ရက္ခိုင့်တပ်မတော်(AA)မှ ခေါ်ဆောင်သွားခြင်းမဟုတ်ဘဲ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးကြသည့် ကျေးရွာသားများကို အကူအညီပေးခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“ရွာသားတွေက စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ဒဏ်ကိုမခံနိုင်လို့ ဘေးလွတ်ရာကို ပြေးလာကြတာ။ ရွာသားတွေပြေးလာတဲ့အခါ သူတို့ တောတွေထဲမှာ ရှောင်ပုန်းရင်းနဲ့ ကျနော်တို့ရဲ့ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့နဲ့တွေ့ပြီးတော့ သူတို့ကို ဘေးလွတ်ရာကို အကူအညီပေးလိုက်တာ ’’ ဟု ခိုင်သုခက DMG ကို ပြောသည်။

လက်ရှိတွင်လည်း စစ်ရေးတင်မာနေပြီး ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်ဘက်မှ အင်အား အလုံးအရင်းဖြင့် ဖိတိုက်နေသောကြောင့် ပြည်သူလူထုမှ စိုးရိမ်ကြောက်ရွံ့နေမှုများရှိကြောင်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်မှ ထွက်ပြေးသွားသူများတွင် ခမီ၊ ချင်း၊ ရခိုင်စသည့်တိုင်းရင်းသားများပါဝင်ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandardan ကျေးရွာတွင် လူ ၁၃၆ ဦးအား ကူညီစောင့်ရှောက်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသတင်းစာဖြစ်သည့် Dhaka Trabune သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကလည်း မိမိတို့ပြဿနာကို မိမိတို့ဖြေရှင်းကြဖို့ ပြောဆိုထားပြီး ထွက်ပြေးလာသူများ ထပ်မံဝင်ရောက်လာမှုမရှိအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ် ထားကြောင်း သိရသည်။

ဓါတ်ပုံ - Dhaka Trabune