တိုင်းရင်းသားနှင့် ဘင်္ဂါလီမခွဲခြားဘဲ မျှမျှတတ ကူညီရန်လိုအပ်ဟု မောင်တောအုပ်ချုပ်ရေးမှူးပြော

“အစိုရအနေနဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့သူတွေကို လွတ်လပ်စွာ သွားလာလုပ်ကိုင်စားသောက်နိုင်ဖို့ ကူညီပံ့ပိုးသွားမှာဖြစ်တယ်” ဟု ဦးမြင့်ခိုင်က ဆိုသည်။

03 Nov 2018

ချလူးအောင်၊DMG

နိုဝင်ဘာလ  ၃၊မောင်တော

UN အဖွဲ့အစည်းအနေဖြင့် တိုင်းရင်းသားနှင့် ဘင်္ဂါလီ မခွဲခြားဘဲ မျှမျှတတ ကူညီရန် လိုအပ်ကြောင်း နိုဝင်ဘာလ (၂) ရက်နေ့က မောင်တောမြို့ကို ရောက်ရှိနေသည့် ဆွစ်ဇာလန်သံရုံး အတွင်းဝန် Mr. Thierry Umbehr ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကတင်ပြလိုက်သည်။   

၎င်းသည် မောင်တောဒေသသို့ ပထမဆုံးအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကာ  ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်ဝင်လာလျှင် လွတ်လပ်စွာ သွားလာခွင့်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုက်တွန်းခဲ့သည်။

"နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာ လွတ်လပ်စွာသွားလာပြီး လုပ်ကိုင်စားသောက်နိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကူညီထောက်ပံ့မှုတွေကိုသာမျှော်ကိုး မှီခိုနေရမှာဖြစ်တယ်။ ဒါကြောင့် လွတ်လပ်စွာ သွားလာနိုင်ဖို့"ဟု အတွင်းဝန် Mr. Thierry Umbehr ကပြောသည်။

အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အစီအစဉ်များရေးဆွဲထားကြောင်းနှင့် စီးပွားရေးဇုန်၊ စက်မှုဇုန်များအပြင် SME စနစ်များဖြင့် စိုက်ပျိုးရေးဇုန်များ ၊မွေးမြူရေးဇုန်များစသည့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရေးဆွဲထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

“အစိုရအနေနဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့သူတွေကို လွတ်လပ်စွာ သွားလာလုပ်ကိုင်စားသောက်နိုင်ဖို့ ကူညီပံ့ပိုးသွားမှာဖြစ်တယ်” ဟု ဦးမြင့်ခိုင်က ဆိုသည်။

အတွင်းဝန်သည် ရခိုင်၊ဟိန္ဒူ၊ဘင်္ဂါလီများနေထိုင်ကြသည့် ရွှေဇားကျေးရွာသို့လည်း သွားရောက်ကာ ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။