
ခိုင်ရိုးလ/ DMG
ဧပြီ ၄၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကာ နယ်မြေလုံခြုံမှု မရှိသည့်အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းများမှာ အချိန်ကြန့်ကြာနေကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်မှု၊ အသက်ဆုံးရှုံးမှု၊ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှုများကို စနစ်တကျပြုစုပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ လူ့အခွင့်အရေးကော်မရှင်နှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများအား တင်ပြနိုင်ရန် ရခိုင်အမျိုးသားပါတီက ကော်မရှင် ကို မတ်လ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
စုံစမ်းရေးကော်မရှင်အနေဖြင့် စစ်ပွဲများကြောင့် ဒဏ်ရာရရှိမှု၊ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် နေရာများသို့ သွားရောက်ရာတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စုံစမ်းရန်ခက်ခဲကာ အချိန်ကြန့်ကြာနေခြင်းဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးထွန်းအောင်ကျော် က DMG ကိုပြောသည်။
“ အိုးဖောက်ဆိုတဲ့ စစ်ဘေးရှောင်စခန်းကို စုံစမ်းဖို့ရောက်သွားတဲ့ အချိန်မှာပဲ ခရုချောင်း၊ ပဲသဒူနားမှာ တိုက်ပွဲတွေ ဖြစ်နေတာကို ကြားရပါတယ်။ အဲဒီိလို တခြားနေရာတွေမှာလည်း အမြောက်သံတွေ ကြားရတဲ့အတွက် သွားစုံစမ်းဖို့ အခက်ခဲရှိနေတယ်။ အချိန်လည်း ကြန့်ကြာနေပါတယ်” ဟု ဦးအောင်ကျော်က ပြောသည်။
အဆိုပါကော်မရှင်၏ စုံစမ်းတွေ့ရှိချက် အဆိုအရ မြောက်ဦးမြို့နယ်တစ်ခုတည်းတွင် တိုက်ပွဲနှင့် ပစ်ခတ်မှုများအတွင်း ရပ်သားများ ထိခိုက်၊ သေဆုံးနှင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၅၀ ကျော် ရှိနေကြောင်းနှင့် ရသေ့တောင်မြို့နယ်တွင် စုံစမ်းနေဆဲကာလဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကွင်းဆင်းစုံစမ်းတွေ့ရှိချက်အား (၇) ရက်အတွင်း ပါတီဗဟိုဌာနချုပ်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်သော်လည်း အထက်ပါ အခက်ခဲများကြောင့် ထပ်မံအချိန်ယူ၍ စုံစမ်းပြီးမှ တင်ပြနိုင်မည်ဟုလည်း ဦးထွန်းအောင်ကျော်က ဆိုသည်။
“ အစခါက တစ်ပတ်အတွင်းမှာလုပ်ပါဆိုပြီးတော့ တာဝန်ပေးထားပေမယ့် လက်ရှိအခြေအရ စုံစမ်းရက်တိုးမြှင့်ပေးဖို့ ဗဟိုကို တင်ပြထားပါတယ် ” ဟု ၄င်းကဆိုသည်။
ယင်းကော်မရှင်ကို ပါတီ ဒု-ဥက္ကဌ ဒေါ်အေးနုစိန်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်နှင့် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးဦးလှစော၊ ဒေါ်ခင်စောဝေတို့ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။




