တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂနှင့် ရခိုင်ပြည်ကျေင်းသားသမဂ္ဂတို့ တွေ့ဆုံစဉ်။ (ဓါတ်ပုံ - Students' Union Of Taungoke Degree College)

ခင်သရဖီဦး။ ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ရခိုင်ပြည်နယ်တွင် ကောလိပ်အပါအဝင် တက္ကသိုလ် စုစုပေါင်း ၆ ကျောင်းရှိပြီး ယင်းကျောင်းများမှ ကိုယ်စားလှယ်များဖြင့် တပြည်နယ်လုံးကိုယ်စားပြု ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် ရခိုင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုးစားနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က တောင်ကုတ်ဒီဂရီကောလိပ်တွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင် အချို့နှင့် တောင်ကုတ်ဒီဂရီကောလိပ်မှ ကျောင်းသားခေါင်းဆောင်အချို့တို့ တွေ့ဆုံရာတွင် သမဂ္ဂရပိုင်ခွင့်ကိစ္စရပ်များနှင့် ရခိုင်တပြည်နယ်လုံး ကျောင်းသားသမဂ္ဂဖြစ်လာရေး ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ဦးဆောင်ကော်မတီကို ကျောင်းကိုယ်စားပြုများဖြင့် ပြန်လည်ဖွဲ့စည်းရန် စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း တောင်ကုတ်ဒီဂရီကော်လိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းခန့်မောင်မောင်က ပြောသည်။

“  ကျနော်တို့ ပထမဦးဆုံး ရခိုင်တပြည်လုံးမှာ ခြောက်ကျောင်းရှိပါတယ်။ အဲခြောက်ကျောင်းက ကိုယ်စာလှယ်တွေ အားလုံးပါဝင်ပြီး ရခိုင်တပြည်နယ်လုံး ကျောင်းသားသမဂ္ဂဖြစ်လာမဲ့ဟာကို စောင့်ကြည့်နေပါတယ်။ အဲလိုဖြစ်လာမှ ဘာတွေလုပ်မယ်ဆိုတာကို  ထပ်ပြီးဆွေးနွေးသွားပါမယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်ပြည်လုံးကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂဖြစ်လာရန် ရည်ရွယ်ထားကြောင်းလည်း ၄င်းက ပြောသည်။

 “ ကျနော်တို့ ကျောင်းသားသမဂ္ဂအနေကတော့ ရခိုင်တပြည်လုံးကို ကိုယ်စားပြုတဲ့ ကျောင်းသား သမဂ္ဂဖြစ်လာဖို့ ဦးတည်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်တပြည်လုံး ကျောင်းသားသမဂ္ဂ ဖြစ်လာခဲ့ရင်တော့ လုပ်မည့်အရာတွေ ရှိလာမှာပေါ့။ ကျနော်အနေနဲ့ကတော့ ဘာလုပ်မယ်ဆိုတာကိုတော့ အခု ပြောလိုမရသေးပါ။ ”  ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင်များနှင့် ကျောင်းသားသမဂ္ဂ (တောင်ကုတ်ဒီဂရီကော်လိပ်) အမှုဆောင် အဖွဲ့ဝင်တို့သည် ဇူလိုင် ၁၇ ရက်နေ့တွင်လည်း သံတွဲ (GTI) ကျောင်းသားခေါင်းဆောင်များဖြင့် တပြည်နယ်လုံး သမဂ္ဂဖြစ်ရေးနှင့် သမဂ္ဂရပိုင်ခွင့်တို့ကို ထပ်မံဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ တောင်ကုတ်ဒဂရီကောလိပ်နှင့် သံတွဲ (GTI) ကျောင်းသားခေါင်းတို့ တွေ့ဆုံစဉ်။ (Students' Union Of Taungoke Degree College)