ဓာတ်ပုံ - AA INFO DESK

စိမ်းကိုကို/DMG
မေ ၂၃၊ စစ်တွေ

ရခိုင်တပ်တော် AA မှ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန် ပြင်ဆင်နေသော်လည်း တပ်မတော်၏ ထိုးစစ်ပြင်းထန်နေသဖြင့် လတ်တလောတွင် လုံခြုံရေးအခြေအနေများကြောင့် အဆင်မပြေသေးကြောင်း ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခကပြောသည်။

ထိန်းသိမ်းထာသူ တချို့ကို ပြန်လည်လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း တပ်မတော်၏ထိုးစစ် ပြင်းထန်နေသဖြင့် လက်ခံယူမည့်သူမရှိ ဖြစ်နေခြင်း၊ ၄င်းတို့ကိုသီးသန့် ပြန်လည် လွှတ်ပေးလိုက်လျှင်လည်း ကြားထဲတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက မိမိတို့တာဝန်မကင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် လွှတ်ပေးနိုင်မှု မရှိသေးကြောင်း ခိုင်သုခက ပြောသည်။

“လွှတ်ဖို့လုပ်နေတုန်း ထိုးစစ်က ပိုပြင်းလာတယ်။ အဲဒီမှာ ပြန်လွှတ်ပေးဖို့ နည်းနည်း အခက်အခဲ ဖြစ်သွားတယ်။ ရပ်မိရပ်ဖတွေကလည်း လက်မခံရဲတော့ဘူး။ သူတို့ကို ၁၇ (၁)နဲ့ စွဲမှာကို စိုးရိမ်နေကြတယ်။ ကျွန်တော်တို့ကလည်း ဒီအတိုင်းလွှတ်လိုက်လို့ လမ်းမှာ ပျောက်သွားရင် ကျွန်တော်တို့ တာဝန်ရှိတယ်” ဟု ပြောသည်။

လက်ရှိ AA မှထိန်းသိမ်းထားသူများမှာ တပ်မတော်မှ အရာရှိတစ်ချို့နှင့် ဆုထူးစံကုမ္မဏီမှ ဝန်ထမ်းတချို့အပါဝင် စုစုပေါင်း ၁၂ ဦးခန့်ရှိပြီး တပ်မတော်မှ အရာရှိတချို့ကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ပြီး အရပ်သားများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ခိုင်သုခကပြောသည်။

ယင်းအပြင် မေလ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ စက်လှေမောင်းသူတစ်ဦး သတ်ဖြတ်ခြင်းခံရမှုမှာလည်း AA ၏လက်ချက်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

Author: Admin