ရန်ကုန်တိုင်းဒေသရှိ ဒဂုံတက္ကသိုလ်။

ခင်သရီဖီဦး။ ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်/DMG ။     ။   ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ်းအဖြစ် တိုင်းရင်းသားဘာသာစကားသင်တန်းကို ဇူလိုင်လ ၃ ရက်နေ့က စတင်သင်ကြားနေပြီး ဇူလိုင်လတစ်လလုံး သင်ကြားပေးသွားမည်ဟု သိရသည်။

တိုင်းရင်းသားလူမျိုးငါးမျိုးဖြစ်သည့် ရခိုင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်း ဘာသာစကားများကို တစ်ပတ်လျှင် ၃ ရက် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် သင်ကြားပေးနေသည်ဟု ဒဂုံတက္ကသိုလ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းအောင်က ပြောသည်။

တိုင်းရင်းသားဘာသာစကား သင်တန်းဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံတွင်နေထိုင်သော တိုင်းရင်းသားများ ကိုယ်ဘာသာစကားကို ကိုယ်အလေးထားသည့်အပြင် အခြားတိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကိုပါ အလေးထားလာအောင် ရည်ရွယ်သည်ဟု ဒေါ်ဝင်းဝင်းအောင်က ပြောသည်။

“ ဒဂုံတက္ကသိုလ်က ဦးဆောင်ပြီးတော့ ဖွင့်တာပါ။ စစချင်းဖွင့်တဲ့ တိုင်းရင်းသားစာပေနဲ့ ဘာသာစကားသင်တန်းဆိုတော့  တိုင်းရင်းသားပေါင်းစုံပေါ့။ ဒါပေမဲ့ ဒီမှာက ငါးမျိုးပဲရှိတော့ နည်းနည်း ဘာသာစကားတွေရဲ့ အသုံးနူန်းတွေ သိအောင်ပေါ့။ ပြီးတော့ တိုင်းရင်းသားစည်းစည်းလုံးလုံး ရှိအောင်ပေါ့။ ” ဟု ပြောသည်။

၎င်းသင်တန်းတွင် အခန်းငါးခန်းရှိပြီး ကိုယ်စိတ်ဝင်စားသည့် ဘာသာရပ်ကိုသင်ယူနိုင်ကာ တစ်ရက်လျှင် အချိန်တစ်နာရီခန့် သင်ကြားပေးနေသည်ဟု သင်တန်းသူ မခင်ခင်လှိုင်က ပြောသည်။

“ ကျမတို့အနေနဲ့ စိတ်ဝင်စားတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ လူမျိုးဘယ်လိုဖြစ်လာလဲ။ ဘာသာစကား ဘယ်လိုဖြစ်လာလဲ၊ လူတွေကို ဘယ်လိုခွဲခြားတယ်၊ ဆရာပြောပြတော့ စိတ်ဝင်စားပါတယ်။ စာသင်ရတာကတော့ ကိုယ်စိတ်ဝင်းစာတာကို ကိုယ်စိတ်ကြိုက် ရွေးတတ်ရတော့ ကိုယ်ကြိုက်တဲ့ ဘာသာစကားကို တက်ရောက်နိုင်ပါတယ်။ စာသင်ချိန်ကတော့ တစ်ပတ်သုံးရက်ပါ။ တစ်ရက်မှာ တစ်နာရီသင်ပေးတယ်။” ဟု ပြောသည်။

သင်တန်းမှာ ဒဂုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၂၀၀ ကျော် တက်ရောက်သင်ကြားနေပြီး ရှမ်းတိုင်းရင်းသားအများဆုံး ပါဝင်တတ်ရောက်လျှက်ရှိသည်ဟု သိရသည်။

တိုင်းရင်းသားဘာသာစကားသင်ကြားနေသော တိုင်းရင်းသားလူငယ်များ။