(လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ စစ်တွေရှိ ဘောဒူဇ ဘင်္ဂလီဒုက္ခသည်စခန်းသို့ ယနေ့ သွားရောက်လေ့လာစဉ်။ ဓါတ်ပုံ - ဖိုးသီဟ/DMG)

မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။   ။  ရခိုင်ပြည်နယ်အတွင်း “မိုရာ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သန်းပေါင်း ၃၈၂ ကျော်ထိရှိခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ရောက်ရှိနေကြသည်။

တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ ဘူးသီးတောင်၊ မောင်တောဒေသကို သွားရောက်မှာဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှာ စစ်တွေမြို့နယ်တွင်း လည့်ပတ်စစ်ဆေးပြီး၊ ကျပ်သိန်းပေါင်း (၁၂၀၀) ကျော် ခန့် ပျက်စီးဆုံးရှုံးခဲ့သည့် စစ်တွေတက္ကသိုလ်မှ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုလည်း စစ်ဆေးခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း မိုရာမုန်တိုင်းကြောင့် ဌာနဆိုင်ရာအဆောက်အဦး အများအပြားပျက်စီးခဲ့ကာ လူနေအိမ်များ သာသနိကအဆောက်အဦးများ ပျက်စီးခဲ့သော်လည်း ဒေသခံများအသက်အန္တရာယ် ထိခိုက်မှုမရှိခဲ့ကြောင်းလည်း  သိရသည်။

မုန်းတိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များတွင် လျှပ်စစ်မီးများ ယာယီပြတ်တောက်ခဲ့မှုများရှိခဲ့သည်။ ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက စစ်တွေမြို့မှ လွဲကာ ကျန်မြို့နယ်များ လျှက်စစ်မီးပြန်လည်ရရှိပြီဟု ပြောဆိုထားသော်လည်း မြို့နယ်အချို့ မီးမရရှိသေးကြောင်း ဒေသခံများကပြောဆိုကြသည်။

Author: သားသျှေလေး