
ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့်သမီးအားတွေ့ရစဉ်။ (ဓါတ်ပုံ - တူးမာ)
ရွှေထက်။ ရန်ကုန်၊ ဧပြီလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ရိုက်တာသတင်းထောက် ၂ ဦးကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထောင်ဖမ်းခဲ့ကြောင်း ဖွင့်ချလိုက်သည့် ဒုတိယရဲမှူးမိုးရန်နိုင်နှင့် မိသားစုဝင်များကို တွေ့ဆုံခွင့်ရရှိရေးအပါအဝင် အခြေခံလူ့အခွင့်အရေးများ ထိခိုက်မှုမရှိစေရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းထားကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့သည် ထောင်ဖမ်းခံရခြင်းနှင့် ထောင်ဖမ်းခံရအကြောင်း ဖွင့်ချသည့် ဒုရဲမှူးရဲနိုင်မိုးနှင့် မိသားစုဝင်များ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်သည့် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) မှ တိုင်ကြားချက်ကို အကြောင်းပြန်ကြားသည့် အနေဖြင့် လူ့အခွင့်အရေးကော်မရှင်မှ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသာလွန်ဇောင်းထက်က “ သူ့ကို ကျေးဇူးတင်စရာ ကောင်းတာက မနက်ကပဲတိုင်တယ်၊ ချက်ချင်းပဲ အစည်းအဝေးထိုင်ပြီးတော့ အကြောင်းပြန်ကြားပေးတာက အင်မတန်မှ ကောင်းတဲ့အလုပ်ပါပဲ။ ဒါပေမယ့် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကိုကာကွယ်ဖို့ဆိုရင် ဒီလောက်နဲ့တော့ မရဘူး။ ဒီထက်ပိုပြီး အလုပ်လုပ်ရမယ်၊ ဒီထက်ပိုပြီး ရဲရင့်ဖို့လိုတယ်။ အခုကတော့ အားရစရာမကောင်းဘူး။ ” ဟု မှတ်ချက်ပြုသည်။
ဒုရဲမှူးနှင့် မိသားစုဝင်များ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း ရှိမရှိ ကြားဝင်စုံစမ်းအရေးယူ ဆောင်ရွက်ပေးရန် ဧပြီ ၂၃ ရက်နေ့၊ မနက်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လူ့အခွင့်အရေးကော်မရှင်မှ ဒုရဲမှူးနှင့် မိသားစုကိစ္စကိုသာ အကြောင်းပြန်ခဲ့ကာ၊ သတင်းထောက် ၂ ဦးကိစ္စအား တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့မဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့် အရေးရရှိစေရမည်။
ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း သတင်းထောက် ၂ ဦးသည် ပြည်ထဲရေး ၀န်ကြီးဌာန၏ ဥပဒေကို ထောင်ချောက်သဖွယ် အသုံးပြုဖမ်းဆီးမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလည်းဖြစ်ပြီး သတင်းထောက် ၂ ဦး၏ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆဖွယ်ရာဖြစ်ကြောင်း တိုင်ကြားစာတွင်ပါရှိသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှ တစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသည် တည်ဆဲဥပဒေကို လက်တစ်လုံးခြားထောင်ချောက်ဆင် ဖမ်းဆီးခြင်းဖြင့် သတင်းထောက် ၂ ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို နစ်နာဆုံးရှုံးစေသည့် သဘောလည်း သက်ရောက်နေကြောင်းလည်း ဖော်ပြထားသည်။
လူ့အခွင့်အရေးကော်မရှင်၏ အကြောင်းပြန်ကြားချက်သည် အားရစရာမရှိသောကြောင့် PCMJ အနေဖြင့် ဥပဒေကြောင်းအရတုံ့ပြန်မှုများအပါအဝင်၊ ဥပဒေပြုရေး တရားစီရင်ရေး၊ ဥပဒေပြုအမတ်များ၊ ကော်မတီများနှင့် တွေ့ဆုံအသိပေးတိုင်ကြားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုသာလွန်ဇောင်းထက်က ပြောသည်။

ဒုရဲမှူး မိုးရန်နိုင်။ ဓါတ်ပုံ - ရိုက်တာသတင်းဌာန

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား တွေ့ရစဉ်။ ဓါတ်ပုံ - ရိုက်တာသတင်းဌာန




